Home
မြန်မာသတင်း
စစ်တပ်က မတ္တရာပြည်သူ ၁ ဦးကိုပစ်သတ်၊ လက်နက်ကြီးကြောင့် မြောက်ဦးပြည်သူ ၄ ဦး သေဆုံး၊ နေအိမ် ၂၀ ကျော် မီးလောင်
DVB
·
January 29, 2024
Army fire_29012024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့မှာ မတ္တရာမြို့ထဲကနေ စစ်ကား ၄ စီးနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက သမင်ခြံရွာနဲ့ သူဌေးကုန်းရွာက လူနေအိမ်တွေကို မီးရှို့ခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ် ဆင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ကိုတင်ကြိုင်ကိုလည်း စစ်ကောင်စီတပ်သားတွေက ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။

ဒေသခံတယောက်က “ကား ၂ စီးက အင်အား ၂၀ ကျော်လောက်နဲ့ တောပုဘုရားကျောင်းကို ရောက်လာပြီး ၈၁ မမ လက်နက်ကြီးနဲ့ ပထမဆုံးပစ်တယ်၊ ပင်းယရွာဘက်ကလည်း ကား ၂ စီးနဲ့ ဆင်းလာပြီး ရွာတွေကို စစ်ကြောင်းထိုးတယ်။ ဆင်ကုန်းရွာက ဆိုင်ကယ် ၄ စီး၊ ကား ၁ စီးယူတယ်၊ ဘက်ထရီအိုး အကြီးတွေလည်း ခိုးသွားတယ်၊ ကိုတင်ကြိုင်ကို ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် မတ္တရာမြို့နယ်ထဲက ပင်းယ၊ သူဌေးကုန်း၊ သမင်ခြံ၊ ဆင်ကုန်း၊ စိန်ပန်းကုန်း စတဲ့ကျေးရွာက ပြည်သူတွေ အရေးပေါ် တိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၄ ဦး သေဆုံးပြီး လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက် ည ၁၀ နာရီမှာ မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးစ ထိမှန်မှုကြောင့် အလယ်စျေးရပ်ကွက်က ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကြောင့် အလယ်စျေးရပ်ကွက်က လူနေအိမ်ခြေ ၂၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဦးအခြေစိုက် ခမရ-၃၇၇၊ ခမရ-၅၄၀၊ အမှတ် ၃၁ ရဲတပ်ရင်းတို့ကနေ မြောက်ဦးမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

“၂၇ ည ၁၀ နာရီကတည်းက လက်နက်ကြီးနဲ့ ပစ်တာပေါ့နော်။ လူက ၁၀ ယောက်ကျော် ထိတယ်၊ ၄ ယောက်က ပွဲချင်းပြီးသေတယ်။ အလယ်စျေးရပ်ကွက်က ၂၇ ရက်နေ့ ညကတည်းက မီးလောင်တာ ၂၈ ရက်နေ့ မနက်အထိပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မြောက်ဦးမြို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကနေ အခုနှစ် ဇန်နဝါရီလ ပထမပတ်အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024