ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရမ်ခန်းရဲ့ ပါကစ္စတန် တယ်ရိခ် အီအင်းဆက်ဖ် ပါတီ (PTI) ကို ထောက်ခံသူ ရာပေါင်းများစွာက လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ကြိုးပမ်းတာတွေကို ဇန်နဝါရီ ၂၈ ရက်မှာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ခန်းကို ထောက်ခံတဲ့ ကြွေးကြော်သူတွေကို ဖြိုခွဲခဲ့ပြီး ပါတီထောက်ခံသူ အများအပြားကို ဖမ်းဆီးခဲ့တာပါ။
PTI ပါတီကို ထောက်ခံသူတွေက ရဲအရာရှိတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ချိန်မှာ ရဲတွေကလည်း တက်ကြွလှုပ်ရှားသူတွေကို တုတ်တွေနဲ့ရိုက်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အသက် ၇၁ နှစ်အရွယ် ခန်းဟာ ခုတော့ စစ်ဗိုလ်ချုပ်တွေနဲ့ သဘောထားကွဲလွဲပြီးတဲ့နောက် ထောင်ကျနေပြီး သူ့ပါတီဟာလည်း စစ်တပ်ကျောထောက်နောက်ခံပြု ဖြိုခွင်းမှုလို့ လေ့လာ သုံးသပ်သူတွေက ယူဆတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ခန်းရဲ့ အဓိကပြိုင်ဘက်နဲ့ သုံးကြိမ်တိုင်တိုင် ဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့သူ နဝက်ဇ် ရှရစ်ဖ်ကို တရားရုံးက အမှုတွေအားလုံးအတွက် လမ်းရှင်းပေးခဲ့ပြီး ပြိုင်ဘက် နိုင်ငံရေးသမားတွေကိုတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ကို တသက်တာ ပိတ်ပင်ခဲ့ပါတယ်။
ခန်းနဲ့ ထိပ်တိုက်တွေ့ပြီးတဲ့နောက် အင်အားကြီးတဲ့ စစ်တပ်ဟာ ရှရစ်ဖ်ရဲ့ နောက်ကွယ်ကနေ ကျောထောက်နောက်ခံပေးထားခဲ့ပြီး စစ်ဗိုလ်ချုပ်တွေက အစိုးရအဖွဲ့ ဖွဲ့ရာမှာ လွန်လွန်ကဲကဲ သြဇာလွှမ်းမိုးထားပါတယ်။
ဒီလိုစွပ်စွဲချက်တွေကို စစ်တပ်က ငြင်းဆိုထားပြီး နိုင်ငံရေးနဲ့ ကင်းရှင်းနေဆဲပဲလို့ ပြောထားပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက်ကျရင် ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲနေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းရှိစေဖို့ စစ်တပ်ကို တပ်ဖြန့်ထားတယ်လို့ ဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters