ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့မှာ ဇန်နဝါရီ ၂၈ ရက်က PDF တွေကို ထောက်ပံ့သူဟုဆိုကာ အမျိုးသားတဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဒီနေ့မနက်မှာ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရွှေညောင်မြိုနယ် ရတနာ ၁ ရပ်ကွက် ရွှေအိမ်စည်လမ်းမှာ နေထိုင်တဲ့ အမျိုးသားတဦးကို မနေ့က နေအိမ်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကြံ့ဖွတ်တွေ၊ မဘသတွေ ချွန်လို့ စစ်တပ်က လာဖမ်းသွားတာ။ ကျနော်တို့သိရသလောက်တော့ အဲ့လူကကား မောင်းတာ၊ ကုန်ပစွည်းတွေလိုက်ပို့တာ။ အဲဒါကို PDF ဆီ စားနပ်ရိက္ခာပို့တယ်ဆိုပြီး လာဖမ်းတာ။ ရွှေညောင်စခန်းမှာ စစ်နေတယ်လို့တော့ ကြားတယ်။”
ဖမ်းဆီးခံရသူမှာ ရတနာ ၁ ရပ်ကွက် ရွှေအိမ်စည်လမ်းနေ ကိုကျော်စိုးအောင် ဖြစ်ပြီး စစ်တပ်က စစ်ဆေးကာ ရွှေညောင်မြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) (ခ)နဲ့ ဇန်နဝါရီ ၂၉ ရက်မနက်မှာ အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်က စစ်ဆေးပြီးမှ ရဲစခန်းက အမှုဖွင့်တာ။ စစ်တပ်က သူဖုန်းထဲမှာ စစ်တပ်ကိုစော်ကားထားတဲ့ Post တွေတာရယ်၊ PDF အဖွဲ့တွေဆီ ရိက္ခာပို့တာ အချက်အလက်တွေ တွေ့တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၂ ခုနဲ့ အမှု့ဖွင့်တာ။”
ရွှေညောင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးပိုင်းက သေဆုံးခဲ့သူတွေရှိသလို သတင်းပေးတွေကြောင့် ဖမ်းဆီးခံရတဲ့ NLD ပါတီဝင်နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေရှိပြီး အချို့မှာ စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေလည်း ရှိပါတယ်။