ဗင်နီဇွဲလားအတိုက်အခံ သမ္မတကိုယ်စားလှယ်လောင်း မာရီယာ ကော်ရီနာ မာချာဒိုရဲ့ မဟာမိတ် သုံးဦးကို အစိုးရကို ဆန့်ကျင်တဲ့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း ဗင်နီဇွဲလား ရှေ့နေချုပ်ရုံးက ဇန်နဝါရီ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဂီလ်ယာမို လိုပက်ဇ်၊ လွစ်စ် ကာမာကာရို နဲ့ ဟွမ်န် ဖှရေးတပ်စ်တို့ဟာ မနှစ်တုန်းက ကိုလံဘီယာနယ်စပ် တာချီရာပြည်နယ်ရှိ အစိုးရလိုလားသော အုပ်ချုပ်ရေးမှူး ဖှရက်ဒီ ဘာနလ်ကို တိုက်ခိုက်ဖို့ စစ်လက်နက်တွေကို ခိုးယူဖို့ ကြိုးပမ်းခဲ့တဲ့ အနည်းဆုံး လူ ၁၁ ဦးပါ အဖွဲ့ထဲမှာ ပါဝင်နေသူတွေဖြစ်ကြောင်း ရှေ့နေချုပ် တာရက်ခ် ဆာ့ဘ်က ပြောပါတယ်။
ဒီလူတွေဟာ အကြမ်းဖက်လုပ်ကြံမှုမှာ ထောက်ပံ့ရေးနဲ့ ဆက်စပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ဒါဟာ စစ်တန်းလျား အများအပြားကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီးတော့ အုပ်ချုပ်ရေးမှူးရုံးကို သိမ်းပိုက်ကာ တာချီရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖှရက်ဒီ ဘာနလ်ကို ပြန်ပေးဆွဲဖို့ ရည်ရွယ်ထား တဲ့ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကပဲ နောက်ထပ် ဖမ်းဝရမ်း ၁၁ ခု ထပ်တောင်းထားတယ်လို့လည်း ရှေ့နေချုပ်က ပြောပါတယ်။
ဒီအမှုဟာ သမ္မတ နီကိုလပ်စ် မာဒူရို အစိုးရကို ဆန့်ကျင်တဲ့ လုပ်ကြံမှု အနည်းဆုံး ငါးခုထဲက တစ်ခုဖြစ်ပြီး ရှေ့နေချုပ်ရုံးက ဒီသီတင်းပတ်အတွင်းမှာ ရှုတ်ချခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကာမာကာရို နဲ့ ဖှရေးတပ်စ်တို့ကို ကရာကာ့စ် တရားရုံးမှာ ဇန်နဝါရီ ၂၅ ရက်က ရုံးထုတ်ခဲ့ကြောင်း ဗန်းတေး ဗင်နီဇွဲလား အတိုက်အခံပါတီကတော့ သူ့ရဲ့ X အကောင့်မှာ ပြောထားပေမဲ့ လိုပက်ဇ်နဲ့ပတ်သက်ပြီး တစုံတရာ အစီရင်ခံထားတာ မရှိသေးပါဘူး။
Source/Photo - Reuters