ရခိုင်ပြည်နယ်ထဲမှာ အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စာစစ်ဌာနပြောင်းလဲဖြေဆိုခွင့်ကို သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင်ပညာရေးမှူးရုံးတွေမှာ အမြန်လျှောက်ထားကြဖို့ စစ်ကောင်စီ ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးတင်ပြထားပါတယ်။
အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စာဖြေဌာန ပြောင်းလဲဖြေဆိုခွင့်ကို ကိုယ်တိုင်ဖြစ်ဖြစ်၊ မိဘအုပ်ထိန်းသူကဖြစ်ဖြစ် လျှောက်ထားနိုင်တယ်လို့ ကျောက်ဖြူခရိုင် ပညာရေးမှူးရုံးနဲ့ နီးစပ်သူတယောက် ပြောပါတယ်။
“ဒီနှစ်မှာ ဖြေဆိုကြမယ့်သူတွေက ကိုယ်ဖြေချင်တဲ့မြို့နယ်နဲ့ လျှောက်လွှာရေးပြီး လာတင်ရမှာပါ။ အခြေအနေအရ စာစစ်ဌာနတွေက အပြောင်းအလဲရှိနိုင်တာကြောင့် အတည်သတ်မှတ်လို့ မရသေးပါဘူး။ စာစစ်ဌာနပြောင်းလဲဖြေဆိုမယ့် ကျောင်းသားတွေ အနေနဲ့ သက်ဆိုက်ရာမြို့နယ်ပညာရေးမှူး ဒါမှမဟုတ် တက်ရောက်နေတဲ့ကျောင်းအုပ်ရဲ့ ထောက်ခံစာနဲ့ အချိန်မီ လျှောက်ထားရမှာပါ။ မြန်လေကောင်းလေပါပဲ။ ဘယ်အချိန်ထိဆိုပြီး ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ရမ်းဗြဲမြို့ကဆိုရင် ကျောက်ဖြူမှာ ဖြေဆိုလို့ရလို့ ထောက်ခံစာမလိုပါဘူး။ ဥပမာ-ကျောင်းသားက ရန်ကုန်ရောက်နေလို့ အဲဒီမှာဖြေမယ်ဆိုရင်တော့ ထောက်ခံစာနဲ့တဆင့် မြန်မာနိုင်ငံစာစစ်အဖွဲ့ကို တင်ပြရတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီဩဇာခံ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ် ၁၁ ရက်မှာ ကျင်းပသွားဖို့ ထုတ်ပြန်ထားပေမယ့် လက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြို့နယ် ၁၀ ခုက စာသင်ကျောင်းပေါင်း ၁၂၀၀ လောက်ကို ပိတ်ထားရကြောင်း ပြည်နယ်ပညာရေးမှူးရုံးက ဒေသတွင်း မီဒီယာတွေကို ပြောဆိုထားပါတယ်။
ရမ်းဗြဲမြို့၊ အောင်ဆိပ်ရပ်နေ ကျောင်းသားမိဘတယောက်က “စာသင်ကျောင်း ပုံမှန်လည်ပတ်နိုင်ဖို့ဆိုရင် မဆီမဆိုင် အမြောက်နဲ့ မထုနဲ့ပေါ့။ အေအေရှိတဲ့နေရာကို မင်းတို့အစိုးရတဖွဲ့လုံး သိနေတာပဲ။ အဲဒီနေရာကို သွားထုကြပေါ့။ အခုလို မြို့ထဲကို ထုနေတာက လူတွေကို မြို့ပြင်ရောက်အောင် လုပ်နေတာနဲ့ အတူတူပဲ။ အခု ပိတ်ထားတဲ့ကျောင်းတွေကို အရင်ဆုံး ပြန်ဖွင့်ကြည့်ပါလား။ ကျောင်းသားတွေရော ကျောင်းတတ်နိုင်မယ်လို့ ထင်လား။ မြို့မှာ ဘယ်သူမှ မရှိတော့ဘူး။ သူခိုးတွေလောက်ပဲကျန်တော့တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားခဲ့ပြီး ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ စတဲ့ မြို့နယ်တို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။