ယူကရိန်းနယ်စပ်အနီးမှာ ဇန်နဝါရီ ၂၆ ရက် က ပျက်ကျခဲ့တဲ့ ရုရှားစစ်လေယာဉ် တစင်းကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ ပစ်ချခဲ့တာလား ဒါမှမဟုတ် မှားယွင်းပစ်ချမိတာလားဆိုတာ မရှင်းလင်းကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုပ်မြင်သံကြားမှာ ပထမဆုံး မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း တမင်တကာပဲဖြစ်ဖြစ် ပေါ့ပေါ့ဆဆပဲဖြစ်ဖြစ် ဒါဟာ ရာဇ၀တ်မှုသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လေယာဉ် အချင်းချင်း တိုက်ခိုက်မိခြင်းကနေ တားဆီးပေးမယ့် အကာအကွယ်တွေ ပါရှိတာကြောင့် ရုရှားကနေ ပစ်ချဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ပူတင်က ပြောပါတယ်။
ရန်သူလား မိတ်ဆွေလားဆိုတဲ့ စနစ်တပ်ဆင်ထားတာကြောင့် အော်ပရေတာက ခလုတ်ကို ဘယ်လောက်ပဲ နှိပ်နှိပ်၊ ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အလုပ်မဖြစ်ဘူး လို့လည်း ဆိုပါတယ်။
ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အများအားဖြင့် အမေရိကန်လုပ် ဒါမှမဟုတ် ပြင်သစ်လုပ်တွေ ဖြစ်နိုင်ပေမယ့် ၂ ရက် ၃ ရက်အတွင်း သေချာပေါက် ထုတ်ပြန်မယ်လို့လည်း ပူတင်က ပြောပါတယ်။
ဇန်နဝါရီ ၂၆ ရက်မှာ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီဟာ နိုင်ငံတောင်ပိုင်း ဘဲလ်ဂိုရော့ဒ်ဒေသမှာ ပျက်ကျခဲ့တဲ့ လေယာဉ် တစင်းပေါ်မှာ ယူကရိန်းစစ်သုံ့ပန်းတွေ လိုက်ပါလာကြောင်း ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။
ဒါပေမယ့် ယူကရိန်း ဝေဖန်သုံးသပ်သူတွေက ဒီဗီဒီယိုရဲ့ စစ်မှန်မှုကို ချက်ချင်း သံသယဝင်ခဲ့ကြ ပါတယ်။
ရိုက်တာကတော့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာနဲ့ ရက်စွဲတို့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ရုရှား စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် အီလျူရှင် အီလ်-၇၆ ပစ်ချခံရမှုမှာ အကျဉ်းသားချင်း လဲလှယ်မယ့် ယူကရိန်းစစ်သုံ့ပန်း ၆၅ ဦး အပါအဝင် လိုက်ပါသွားတဲ့ လူပေါင်း ၇၄ ဦးလုံး သေဆုံးသွားခဲ့တဲ့အပေါ် မော်စကိုက ကိယက်ဗ်ကို သက်သေမပြထားပဲ စွပ်စွဲထားတာပါ။
ယူကရိန်းကလည်း လေယာဉ်ကို ပစ်ချခြင်း ရှိ၊ မရှိ ကို အတည်လည်း မပြုသလို ငြင်းဆိုထားခြင်း လည်း မရှိဘဲ လေယာဉ်ပေါ် ဘယ်သူတွေ ပါရှိပြီး ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ မော်စ်ကိုရဲ့ ပြောဆိုချက်အပေါ် စိန်ခေါ်ထားပါတယ်။
အဲဒီအချိန်တုန်းက ယူကရိန်း စစ်သုံ့ပန်းတွေကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ ဘဲလ်ဂိုရော့ဒ် ဒေသကို ပျံသန်းလာမယ်ဆိုတာကို ကြိုတင်အသိပေးထားကြောင်း ရုရှားရဲ့ အခိုင်အမာ ပြောဆိုချက်ကို ယူကရိန်းက အငြင်းပွားနေပြီး လေယာဉ်ပေါ် ပါလာတယ်ဆိုတဲ့ ယူကရိန်းနိုင်ငံသား ၆၅ ဦးကို ရုရှားမီဒီယာမှ ထုတ်ပြန်တဲ့ စာရင်းမှာလည်း ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
Source/Photo - Reuters