အမေရိကန် ထိပ်တန်းတက္ကသိုလ်တခုဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ Duke တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသမီးအရေးလှုပ်ရှားသူ Woman Advocacy Coalition (Myanmar) အဖွဲ့မှ ဒေါ်ခင်လေးတို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးဖလှယ်ခဲ့ ကြပါတယ်။
ဆွေးနွေးပွဲကို Duke တက္ကသိုလ်၊ အာရှနဲ့ ပစိဖိတ်ဒေသလေ့လာရေးဌာနရဲ့ စီစဉ်မှုနဲ့ အဆိုပါ တက္ကသိုလ်ရှိ Sanford Hall ခန်းမမှာ (ဒေသစံတော်ချိန် ဇန်နဝါရီ ၂၆ ရက် ညနေပိုင်း) မြန်မာအချိန် ဇန်နဝါရီ ၂၇ ရက် စနေနေ့ မနက်က ကျင်းပခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းအလွန် မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အတွေးအမြင်တွေကို ပါမောက္ခတွေ၊ ဆရာတွေနဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေက အမြင်ချင်းဖလှယ်ကာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။