စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၅ ရက် မနက် ၄ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ရွှေဘိုင်ခရိုင် ၂၅ မှ ရဲဘော် ၃ ယောက်၊ ကန့်ဘလူ ဇီးကုန်း တပ်တိုက်နယ် ပကဖ မှ ရဲဘော် ၁ ယောက် စုစုပေါင်း ၄ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်တချို့ကိုလည်း ကာကွယ်ရေးတပ်က သိမ်းဆည်း ရရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျနော်တို့ သိမ်းဆည်းရခဲ့တာကကာဘိုးရွာအရှေ့ဂိတ်၊ မီးသတ်ရုံး၊ ကျန်းမာရေးအဆောင်တွေကို သိမ်းပိုက်နိင်ခဲ့တာဗျ။ ကာဘိုးအနောက်ဂိတ်ကိုတော့ မသိမ်းပိုက်နိင်ခဲ့ဘူး။ မနက်ခင်း ၅ နာရီကျော်မှာ ကန့်ဘလူ ထန်းကုန်းဘက်ကနေ စစ်ကူကား ၄ စီးနဲ့ စစ်ကောင်စီဘက်က စစ်ကူလာလို့ ကျနော်တို့ တပ်ပြန်ဆုတ်ခဲ့ရတယ်။ အထိအခိုက်ကတော့ စစ် (-) နဲ့ ပျု ၁၅ ထက်မနည်း ကျဆုံးတယ်။ ဒဏ်ရာရရှိသူတွေလည်း သူတို့ဘက်ကများတယ်ဗျ။”
တိုက်ပွဲအတွင်း ကာဘိုင် ၂ လက်၊ MA1 ၁ လက်၊ G3 ၁ လက်၊ အိန္ဒိယပြောင်းချော ၃ လက်၊ ပစ်စတို ၁ လက်၊ လက်လုပ်အတို ၁ လက်၊ ကျည်ဘောက် ၅ ခု နဲ့ ကျည်တွေ၊ Jammer စက် ၂ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။
အခုတိုက်ပွဲကို ခရိုင်ပကဖလှုပ်ရှားအဖွဲ့ ၊ မြို့နယ်ပကဖေ၊ ရွှေဘိုခရိုင်တပ်ရင်း ၂၅၊ ကန့်ဘလူခရိုင် တပ်ရင်း ၄ ရပ်ကျေး ပကဖ ပူးပေါင်းအဖွဲ့တွေ စုပေါင်းပြီး စခန်းသိမ်းခဲ့တာလို့ ဒေသခံကာကွယ် ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။