ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်မှာ ယာဉ်မောင်းတယောက် မိုင်းနင်းမိလို့ ခြေထောက်တဖက်ပြတ်သွားပြီး ကချင်ပြည်နယ်၊ နန်းမားမှာတော့ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်။
လားရှို့- နမ္မတူကြား လားရှိုးမြို့အဝင်က အီနိုင်း တံတားကွင်းလမ်းမှာ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက ကားပေါ်ပါလာတဲ့ ခရီးသည်တွေ လမ်းဆင်းလျှောက်ခိုင်းပြီးနောက် ကားသမားအဆင်းမှာ နင်းမိတာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ခရီးသည်တွေ လမ်းဆင်းလျှောက်ပြီး မောင်းလာတာ၊ လွတ်ပြီဆိုပြီး တံခါးဖွင့် ဆင်းလိုက်တာနဲ့ နင်းတဲ့နေရာ မိုင်းနဲ့ ကွက်တိ တဲ့။ အခု လားရှိုး ဆေးရုံမှာ” လို့ ပြောပါတယ်။
လားရှိုးအဝင် တောလမ်းနဲ့ ကွင်းလမ်းကွင်းလမ်းတွေမှာ စစ်ကောင်စီဘက်က မိုင်းတွေ ထောင်ထားလို့ ယာဉ်မောင်းနဲ့ ခရီးသွားပြည်သူတွေ မကြာခဏ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရနေကြတယ်လို့လည်း ဆိုပါတယ်။
မူဆယ်မြို့အဝင်က တောလမ်းနဲ့ ကွင်းလမ်းတွေမှာလည်း စစ်ကောင်စီက မိုင်းထောင်ထားလို့ ပြည်သူ ၅ ယောက်ထက်မနည်း မိုင်းနင်းမိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း သီပေါအနီးက မိုးတေတံတားနားမှာ ယာဉ်မောင်း တယောက် မိုင်းကိုနင်းကြိတ်မိလို့ ထိခိုက်ဒဏ်ရာရပြီး ကားပါထိခိုက်ပျက်စီးခဲ့သလို ဇန်နဝါရီ ၂၃ ရက်မှာလည်း သီပေါမြို့နယ်၊ တုံစင့်ရွာ - ကုံးစုံရွာလမ်းမှာ ပြည်သူ ၂ ယောက် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့မှာ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသံတယောက်က “တိုက်ပွဲလည်း ဖြစ်တာမရှိဘူး။ လက်နက်ကြီး ကျည် ၅ လုံးလောက် ပစ်သံကြားရတယ်။ ဘယ်ကနေပစ်မှန်းကို မသိဘူး။ လက်နက်ကြီးကျည်တလုံးက နန်ခမ့်ရွာကို ကျပြီး အမျိုးသမီးတယောက်ထိတယ်” လို့ ပြောပါတယ်။
အမျိုးသမီးရဲ့ ခေါင်းကို ဗုံးစထိမှန် ဒဏ်ရာပြင်းထန်လို့ မိုးညှင်းဆေးရုံက တဆင့် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း နန်းမားမြို့နယ် ရဲစခန်းက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။