ရုရှားစစ်တပ် ထောက်ခံသူ ဘလော့ဂါတာတာစကီးရဲ့ လက်ထဲ ပေါက်ကွဲကာ ပွဲချင်းပြီး သေဆုံးသွားစေခဲ့တဲ့ ဗုံးကို ပေးပို့သူ ရုရှားအမျိုးသမီး ဂါရ်ယာ ထရီပိုဗာကို စိန့်ပီတာစဘာ့ဂ် တရားရုံးက ဇန်နဝါရီ ၂၅ ရက်မှာ ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
မနှစ်တုန်းက စစ်တပ်ဘလော့ဂါ ဗလာ့ဒ်လန် တာတာစကီးရဲ့ သေဆုံးမှုနဲ့ ဆက်စပ်ပြီးတော့ အသက် ၂၆ နှစ်ရှိ ဂါရ်ယာ ထရီပိုဗာကို အကြမ်းဖက်မှု အပါအဝင် စွဲချက် အများအပြား တင်ထားတာပါ။
စိန့်ပီတာစဘာ့ဂ် ကော်ဖီဆိုင်မှာ ဟောပြောပွဲ လုပ်နေချိန်အတွင်း ထရီပိုဗာက လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ သူ့ပုံတူရုပ်တုတခုထဲမှာ ဝှက်ထည့်ထားတဲ့ ဗုံးပေါက်ကွဲခဲ့ပြီး တာတာစကီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ထရီပိုဗာကတော့ သူ့ကို ကြံစည်ခံလိုက်ရတာလို့ ပြောကြားခဲ့ပြီး ရုပ်တုထဲမှာ ဗုံးမဟုတ်ဘဲ အသံဖမ်းစက်ပဲ တပ်ထားတာလို့ ပြောပါတယ်။
သူ့ဘက်က ချေပပေးတဲ့ ရှေ့နေကတော့ ထရီပိုဗာဟာ တာတာစကီးနဲ့ မီတာအနည်းငယ် အကွာမှာသာ ထိုင်နေရတာဖြစ်လို့ သူလည်း ဒီအမှုမှာ နစ်နာသူ ဖြစ်ခဲ့ရပြီး သေကျဒဏ်ရာ ရသွားနိုင်တာမျိုးတောင် ရှိနိုင်တယ်လို့ ပြောပါတယ်။
တရားလိုဘက်ကတော့ သူဟာ ဗုံးအကြောင်း သိထားပြီးသားဖြစ်ပြီး "ရုရှားဖက်ဒရေးရှင်းကို မတည်မငြိမ်ဖြစ်စေအောင်နဲ့ အထူးစစ်ရေး ဆောင်ရွက်မှုကို ဂုဏ်သိက္ခာချဖို့ ရည်ရွယ်ပြီး တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်” လို့ စောဒက တက်ခဲ့ပါတယ်။
Source/Photo - Reuters