မန္တလေး-စစ်ကိုင်းနယ်စပ်မှာ တပ်သားအပြည့်ပါတဲ့ စစ်ကားအစီး ၅၀ နဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ကစပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းနယ်စပ် ပြင်ဦးလွင်မြို့အနီးက စစ်ကောင်စီစခန်းတချို့ကို မန္တလေး PDF နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးအင်အားစုတွေဟာ နေပြည်တော်နဲ့မန္တလေးတို့ကိုပါ လုံခြုံရေးအရ ခြိမ်းခြောက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီက အင်အားသုံး အကာအကွယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး မန္တလေးမြို့ကနေ အင်အားအပြည့်ပါတဲ့ စစ်ကားအစီး ၅၀ ကို မန္တလေး- စစ်ကိုင်းနယ်စပ် မတ္တရာကနေ ရွှေဘိုနယ်အထိ စစ်ကောင်စီက အင် အားဖြန့်နေတယ်လို့ မတ္တရာ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
မတ္တရာPDF ခေါင်းဆောင် ဦးတိုးက "၂ သုတ်ကို အစီး ၅၀ ရှိတယ်။ အစီး ၅၀ ထဲကမှ ၁၄ စီးက ကျောက်မြောင်းတံတားကိုဖြတ်ပြီး ရွှေဘိုလေ့ကျင့်ရေး ၈ ထဲကိုဝင်သွားပြီ။ ကျန်တဲ့ ၃၆ စီးကျန်တဲ့ဟာက ဘယ်ကိုဘယ်လိုဆက်ဖြန့်မလဲမသိဘူး။ စောင့်ကြည့်နေတုန်းပဲ၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဘက်ကို စစ်အင်အားဖြည့်တင်းမှုလုပ်နေပြီ ဘယ်ကနေဘယ်လို ဆွဲထုတ်လာလဲ မသိဘူး။ လွန်ခဲ့တဲ့တပတ်အတွင်းပေါ့ ပဲခူးတိုင်းထဲမှာရော သူတို့ထိန်းချုပ် ထားတဲ့နယ်မြေ အရပ်ရပ်မှာရော တရွာကို အယောက် ၃၀၊ ကျေးရွာတိုင်းကျေးရွာတိုင်းက အုပ်ကြီးတွေဆီ မြိုပေါ်ရပ်ကွက်တိုင်းကအုပ်ကြီးတွေဆီကို သူတို့ညွှန်ကြားချက် အသစ်ထွက်ထားတာရှိတယ်။ ညဘက်လမ်းပေါ်ထွက်တဲ့ လူငယ်တွေကို ချောဆွဲတာရှိတယ်။ ကျေးရွာတွေမှာလည်း မဲနှိုက်ပြီးတော့ ဆွဲခေါ်တာတွေရှိတယ်။ အဲ့ဒီလိုဖြည့်တင်းထားတယ်လို့ လည်း သုံးသပ်လို့ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပေါက်ကိုယ်တော်ဆိုတဲ့ ဘုန်းကြီးကပြောသွားတာရှိတယ်။ သူတို့ရဲ့ဘုရားဒကာကြီးက နိုင်ငံတော်ဝန်ကြီးချုပ်လုပ်ပါ၊ ဒုချုပ်စိုးဝင်းကိုကျ ကာကွယ်ရေးဦးစီးချုပ်လုပ်ပါပေါ့။ ဒါတွေက နိုင်ငံရေးမှာ အကြောင်းမဲ့ဖြစ်လာတာလည်း မဟုတ်ဘူး။ နှပ်ကြောင်းပေးတဲ့သဘောပဲ။"
ဇန်နဝါရီ ၁၂ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီ အပစ်ရပ်ခဲ့ပြီးနောက်မှာ စစ်ကိုင်း- မန္တလေးနဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ပြန်ပြီးဦးတည်လာတာပါ။
စစ်တက္ကသိုလ်တွေတည်ရှိရာ ပြင်ဦးလွင်မြို့အနီးအထိ PDF တွေ ထိုးစစ်ဆင်နိုင်ခဲ့တာဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ခဲ့ပြီး ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေကို အချိန်နဲ့တပြေးညီနားစွင့်ထားကြဖို့ ဒေသတွင်း PDF တွေက မေတ္တာရပ်ခံထားပါတယ်။
ဦးတိုးက "စကစဘက်ကနေပြီးတော့ ဘာတွေပြင်ဆင်မလဲ ဘာတွေလုပ်ကိုင်မလဲ အဲ့ဒါတွေကို ကျနော်တို့မပြတ်စောင့်ကြည့်မယ် လေ့လာမယ် အဆင့်ဆင့်ကွပ်ကဲမှုအတိုင်း ညွှန်ကြားချက် အတိုင်းကျနော်တို့ဆောင်ရွက်မယ်။ စိုးရိမ်တာက ဘာရှိလဲဆိုတော့ ကျနော်တို့ ဒေသခံပြည်သူလူထုတွေ ဒီအပေါ်မှာ သတိကြီးကြီးထားပြီးတော့ ကြိုတင်ရှောင်ရှားနိုင်ကြပါစေ။ အာရုံစိုက်ကြပါလို့ ကျနော်ကတော့ မေတ္တာ ရပ်ခံချင်တာပါပဲ"လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူ၊ တန့်ဆည်နယ်မှာတော့ ဦးဝါသဝဦးဆောင်တဲ့ ပျူစောထီးတပ်တွေက ရွာစဉ်လှည့်ပြီး ခြိမ်းခြောက်ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့က တန့်ဆည်နယ် အက်တောကျေးရွာမှာ ပြည်သူတယောက်ကို ပစ်သတ်ပြီး စားနပ်ရိက္ခာတွေလုယူသွားတဲ့ ပျူစစ်ကြောင်းဟာ လတ်တလောမှာ တန့်ဆည်နယ်အရှေ့ခြမ်းကို ဝင်နေတယ်လို့ ဆိုပါတယ်။
တန့်ဆည် PDF တဦးက "ကန့်ဘလူကပျူကြောင်းပေါ့ဗျာ တန့်ဆည်ဘက်ကိုကူးလာပြီး အက်တောကျေးရွာမှာ ဆန်အိတ်ကတော့ အလုံး ၄၀ လောက်ပါသွားမှာ၊ နွားတွေကတော့ ဘာမှမဟုတ်ဘဲ သတ်ထားခဲ့တာ။ ပြည်သူတယောက်ကို ပစ်သတ်ထားခဲ့တယ်။ တန့်ဆည် စစ်(-) ၆၀ ကလည်း တန့်ဆည်ထဲ ပြန်ဝင်သူတိုကလည်း ဟိုဘက်ကိုပြန်ခေါက်သွားပြီးအပြန်မှာ အက်တောရွာကို မွှေပြီးတော့ပစ်သွားတာလေ"လို့ ပြောပါတယ်။
ကန့်ဘလူနယ်ဟာ PDF တွေသိမ်းယူထားတဲ့ကောလင်းမြို့နဲ့ တဆက်တည်းရှိနေတဲ့ မြို့နယ်ဖြစ်ပြီး အခုရက်ပိုင်းတွေမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှုခပ်စိပ်စိပ်ပြုလုပ်လာတာ ဖြစ်ပါတယ်။
တန့်ဆည်နယ်ထဲက အထိုင်တပ်တွေကို စစ်ကောင်စီက ကန့်ဘလူနယ်ထဲ ပြောင်းလဲပို့ဆောင်နေပြီး ကောလင်းမြို့ကို ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီက အရှိန်ပြန်ယူနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
သုတချမ်းသာ