Home
မြန်မာသတင်း
ရှေးဟောင်းကားများ မှတ်ပုံတင်ခွင့်ပြုပြီးနောက် အဝယ်လိုက်လာ၊ ဒဏ်ကြေး အမြင့်ဆုံးကျပ် သိန်း ၅၀ သတ်မှတ်
DVB
·
January 25, 2024
car 2512024

မှတ်ပုံတင် ဖျက်သိမ်းပြီးတဲ့ ရှေးဟောင်းကားတွေကို ပြန်လည် မှတ်ပုံတင် သက်တမ်းတိုးခွင့်ပြုလိုက်ပြီး အဲဒီအတွက် ဒဏ်ကြေး ကျပ် ၂၅ သိန်းကနေ သိန်း ၅၀ အထိ သတ်မှတ်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ပါတယ်။

သက်တမ်းလွန် သတ်တမ်းပြတ်အဖြစ် မှတ်တမ်းဝင်ကာ ဖျက်သိမ်းပြီးတဲ့ ၁၉၈၀ မော်လ်ဒယ်နဲ့ အဲဒီမတိုင်မီက ရှိခဲ့တဲ့ ယာဉ်ဟောင်းတွေကို ရှေးဟောင်း Classic ယာဉ်အဖြစ် သတ်မှတ် ဒဏ်ကြေးသွင်းကာ ပြန်လည် မှတ်ပုံတင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ 

ဒါဟာ ရှေးဟောင်း Classic မော်တော်ယာဥ်တွေကို တန်ဖိုးထား ထိန်းသိမ်းဖို့နဲ့ သမိုင်းဝင်ယာဥ် ​တွေအဖြစ် တရားဝင်မှတ်တမ်းတင်ခွင့်ပြုနိုင်ဖို့ မှတ်ပုံတင်ပြန်လုပ်ပေးတာလို့ ဆိုပါတယ်။

၅ နှစ်ကနေ ၁၀ နှစ်အထိ သက်တမ်းပြတ်ခဲ့တဲ့ ယာဉ်ငယ်တွေကိုကျပ် သိန်း ၃၀၊ ယာဉ်ကြီး ၂၅ သိန်း ဒဏ်ကြေး သတ်မှတ်ထားပြီး ၁၀ နှစ်ကနေ ၁၅ နှစ် သက်တမ်းပြတ်ယာဉ်ငယ်တွေအနေနဲ့ ဒဏ်ကြေး သိန်း ၄၀ ၊ ယာဉ်ကြီး ၃၅ သိန်း ပေးသွင်းရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ၁၅ နှစ်အထက် သက်တမ်းပြတ်ယာဉ်ငယ်တွေကိုတော့ ဒဏ်ကြေး သိန်း ၅၀ ၊ ယာဉ်ကြီး ၄၅ သိန်း ပေးသွင်းကာ ပြန်လည်မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ 

ရှေးဟောင်း Calssic ကားချစ်သူ တဦးက “ဒဏ်ကြေးက တော်တော်များတယ်။ ဒါကလည်း ကားတန်ဖိုးထဲ သွားဝင်မယ့် သဘောရှိတာပေါ့။ လက်ရှိ ရှေးဟောင်းကား လက်ဝယ်ရှိသူတွေကတော့ မှတ်ပုံပြန်တင်မယ့်သဘောမှာ ရှိတယ်။ ဝယ်လက်တွေကလည်း အခုတော်တော် အဝယ်လိုက်နေတယ်"လို့ ပြောပါတယ်။

ရှေးဟောင်းကားတွေကို မှတ်ပုံတင်ရာမှာ ကနဦးမှတ်ပုံတင်ခမှာ တနှစ်စာ ယာဥ်ငယ် ၁၅၀၀၀ ကျပ်၊ ယာဥ်ကြီး ၃၀၀၀၀ ကျပ်၊ ကနဦး ယာဥ်စစ်ဆေးခမှာ ယာဥ်ငယ် ၅၀၀၀ ကျပ်၊ ယာဥ်ကြီး ၁၀၀၀၀ ကျပ်၊ အထူးစစ်ဆေးခ ၂၂၀၀ ကျပ်နဲ့ ဖောင်းကြွနံပါတ်ပြား နှစ်ချပ်အတွက် ၉၀၀၀ ကျပ်စီ ပေးသွင်းရမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက သတ်မှတ်​ပါတယ်။

ဒါ့အပြင် ၅ နှစ်ကျော် သက်တမ်းပြတ်ခြင်းအတွက် မှတ်ပုံတင်ခ ၅ နှစ်စာနဲ့ ကနဦး မှတ်ပုံတင်ခ ၁ နှစ်စာ စုစုပေါင်း ၆ နှစ်စာ ပေးသွင်းရမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

မှတ်ပုံတင်ရာမှာ မူလက မှတ်ပုံတင်ရှိပြီး ယာဥ်​တွေကိုပဲ ပြန်လည်ဆောင်ရွက်ပေးမှာဖြစ်ပြီး ရောက်ရှိ ယာဥ်အမှတ်သစ်နဲ့ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

ပြန်လည်မှတ်ပုံတင်တာကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွေမှာ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ  ၆ လအတွင်း လက်ခံဆောင်ရွက်ပေးမယ်လို့ ကြေညာထားပါတယ်။

ပြည်တွင်းမှာ နဂိုမှတ်ပုံတင်ထားပြီး ကျန်ရှိတဲ့ Classic ကားစီးရေ ၁၀၀ ကျော်ရှိပြီး ကျန်ကား အများစုက မူလကတည်းက မှတ်ပုံတင် မရှိဘူးလို့ ရှေးဟောင်းကား စုဆောင်းသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024