ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ခရီသွားလာခွင့်နဲ့ ကုန်စည် သယ်ဆောင်ခွင့်ကို စစ်တပ်က ပိတ်ပင်ထားသလို အခုနှစ် ဇန်နဝါရီ ၁၅ ရက်ကစလို့ မြို့နယ်တိုင်း လိုလို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲဒါကြောင့် သတင်းအချက်အလက်တွေ မသိရတဲ့အပြင် ဘဏ်လုပ်ငန်းနဲ့ ငွေလွှဲငွေထုတ်တွေပါ ရပ်ဆိုင်းသွားတဲ့အတွက် ထိခိုက်နစ်နာရတယ်လို့ စစ်တွေမြို့နေ ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောပါတယ်။
"ဖုန်းလိုင်းရော အင်တာနက်ပါ ဖြတ်ခံထားရတော့ တိုက်ပွဲဖြစ်နေတဲ့ သတင်းတွေကိုလည်း မသိရ တော့ဘူး။ ငွေလွှဲငွေထုတ် လုပ်ငန်းတွေလည်း လုပ်မရတော့ ဆုံးရှံးနစ်နာမှုများစွာရှိတယ်။"
ပြည်ပပို့ငွေနဲ့ ရပ်တည်နေရတဲ့ ရခိုင်ဒေသခံ မိသားစုတွေဟာ အင်တာနက် ဖြတ်ရတာကြောင့် ပို့ငွေတွေလည်း မရတဲ့အပြင် ပြည်ပမှ ပို့လိုက်တဲ့ ငွေတွေကိုလည်း ရာခိုင်နှုန်းများစွာ ပေးပြီး ထုတ် နေရတယ်လို့ မင်းပြားမြို့နယ်မှ ဒေသခံ တဦးက ပြောပါတယ်။
"သားနဲ့သမီးက ပြည်ပမှာရှိတော့ သူတို့ ပို့တဲ့ ငွေလေးနဲ့ ရပ်တည်နေရတာ။ အခုလို အင်တာနက်တွေ၊ ဖုန်းလိုင်းတွေ ပိတ်လိုက်တော့ သတင်းတွေလဲ မသိရတော့ဘူး။ မိသားစုနဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ ငွေလည်း ထုတ်မရတော့ဘူး။ ငွေထုတ်လို့ ရရင်လည်း တသိန်းကို သောင်းဂဏန်း အထိ ပေးပြီး ထုတ်နေရတယ်။"
ရခိုင်ပြည်အနှံ့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာဟာ နှစ်ပတ်နီးပါး ကြာမြင့်လာသလို မြို့တိုင်းလိုလို စစ်တပ်က အင်အား တိုးချဲ့လာပါတယ်။
ရခိုင်ဒေသတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ တဦးက " တပြည်နယ်လုံးအနှံ့ သတင်း အမှောင်ချထားတော့ သတင်းအမှန်သိခွင့်နဲ့ ငွေကြေးလုပ်ငန်းတွေအကုန် ရပ်ဆိုင်း ကုန်တယ်။ စစ်တပ်က ဖြတ် လေးဖြတ်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်" လို့ သုံးသပ်ပါတယ်။
စစ်တပ်က ရခိုင်ပြည်နယ်အနှံ့ စစ်ရေးအရ ရှုံးနိမ့်နေပြီး ဒေသတွင် ဖိနှိပ်တာတွေ ပိုလုပ်ဆောင်လာ သလို ဒေသခံတွေကို ဖမ်းဆီးတဲ့အပြင် လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ပင်ထားတယ်လို့ ရခိုင်ပြည်သူတွေက ပြောပါတယ်။