ရန်ကုန်-နေပြည်တော် အမြန်လမ်းရဲ့ ရန်ကုန်အဝင် တိုးဂိတ်ရှေ့က စစ်ဆေးရေးဂိတ်မှာ ရဲ၊ ယာဉ်ထိန်း၊ ခြေလျင်ခြေမြန်တပ်က စစ်သားတွေအပြင် လေတပ်က စစ်သားတွေ စုပေါင်းပြီး ပိုမိုတင်းကျပ် စစ်ဆေးနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
ရန်ကုန်မြို့ခံတဦးက “စစ်ဆေးရေးဂိတ်က ၃ လမ်းဆုံမှာ တခု၊ တိုးဂိတ်ရှေ့နားမှာ တခု ဖွင့်ထားတာ။ ၂ ဂိတ်လုံးက နည်းနည်းပဲလှမ်းတယ်။ ၃ လမ်းဆုံမှာ စစ်ပြီးရင်လည်း တိုးဂိတ်ရှေ့မှာလည်း ထပ်အစစ်ခံရတာပဲ။ စစ်သားတွေကတော့ တံဆိပ်ပေါင်းစုံပဲ” လို့ ပြောပါတယ်။
အဲဒီဂိတ်တွေမှာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီးက ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ရင်း၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်းနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေအပြင် လေတပ်ဝတ်စုံတွေနဲ့ပါ တွေ့ရတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်ကနေ နေပြည်တော် လမ်းတလျှောက် စစ်ဆေးရေးဂိတ် ၁၀ ခုကျော် ရှိပေမဲ့ ဂိတ် တချို့မှာ အင်အား ၁၀ ဦးတောင် မပြည့်တဲ့ဂိတ်တွေ ရှိနေပြီး စစ်ဆေးရေးဂိတ် တခုနဲ့ တခု မိုင်နဲ့ ချီပြီး ဝေးတယ်လို့ သိရပါတယ်။