Home
မြန်မာသတင်း
အိန္ဒိယဘက်ထွက်ပြေးသည့် လက်ကျန် စစ်ကောင်စီတပ်သား ၉၂ ဦးကို ပြန်ပို့
DVB
·
January 25, 2024
india 2512024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်လေဆိပ်မှာ စစ်ကောင်စီလေတပ်ကစစ်လေယာဉ် ပြေးလမ်း မတော်တဆ ကျော်ကျခဲ့တာကြောင့် ပြန်မခေါ်ဖြစ်ခဲ့တဲ့ စစ်သား ၉၂ ယောက်ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပြီးဖြစ်တယ်လို့  နယူးဒေလီ အခြေစိုက် NDTV သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့အပတ်က အိန္ဒိယဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာစစ်သား ၂၇၆ ဦးထဲက ဒုတိယအသုတ်အဖြစ်ကျန်တဲ့ ၉၂ ဦးကို ဇန်နဝါရီ ၂၃ ရက်မှာ လာခေါ်တဲ့ မြန်မာစစ်တပ်ပိုင် Y-8 အမျိုးအစား လေယာဉ်ဟာ မီဇိုရမ်ပြည်နယ် လန်းပွေလေဆိပ်မှာ ပြေးလမ်းကျော်ကျခဲ့ပါတယ်။

လေယာဉ်ကအဆင်းမှာ ပြေးလမ်းပေါ် မတော်တဆ ကျော်ပြီးကျခဲ့တာကြောင့် လိုက်ပါလာတဲ့ လေယာဉ် ဝန်ထမ်းတွေထဲက  ၈ ယောက် ဒဏ်ရာရခဲ့ပြီး  ဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ လူနာတင်ယာဉ်ဟာလည်း မတော်တဆဖြစ်ပြီး လူကူးခုံးကျော်တံတား အောက်မှာ ညပ်သွားခဲ့ပါတယ်။

အဲဒီနေ့က ပြန်မခေါ်သွားဖြစ်ခဲ့တဲ့ စစ်သား ၉၂ ယောက်ကို ဇန်နဝါရီလ ၂၄ ရက် မှာတော့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အာသံရိုင်ဖယ်အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်က ပြေးလမ်းကျော်ကျတဲ့ လေယာဉ်နဲ့အတူပါလာတဲ့ ဝန်ထမ်း ၁၄ ယောက်ကို အဲဒီနေ့ကပဲ မြန်မာစစ်တပ်ပိုင်လေယာဉ်တစ်စင်းနဲ့ လန်းပွေလေဆိပ်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပြန်ခေါ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအသုတ် ၉၂ ဦး အပါအဝင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုချိန်ထိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်စခန်းသိမ်းယူမှုတွေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေးလာတဲ့ မြန်မာစစ်သားစုစုပေါင်း ၆၃၅ ဦးကို မြန်မာနိုင်ငံကို ပြန်လည်ပို့ ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ ကီလိုမီတာ ၅၁၀ အရှည်ရှိတဲ့ နယ်စပ်မျဉ်းကို မြန်မာနိုင်ငံနဲ့ မျှဝေပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

မတော်တဆဖြစ်ခဲ့တဲ့ လေယာဉ်ကို မောင်းနှင်လာတဲ့ လေယာဉ်မှူးဟာ အရင်ကလည်း လန်းပွေလေဆိပ်ကို ဆင်းသက်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ဝါရင့်လေယာဉ်မှူးဖြစ်တယ်လို့ အာသံရိုင်ဖယ်အဖွဲ့ကပြောကြောင်း အိန္ဒိယသတင်းမှာဖော်ပြပါတယ်။

SOURCE/PHOTO- NDTV

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024