ရုရှားနယ်စပ်ဒေသမှာ ရုရှားလေယာဉ်ပျက်ကျတဲ့ အခြေအနေတွေကို အပြည့်အဝ ရှင်းလင်းပေးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက မော်စကို ကို ဇန်နဝါရီ ၂၄ ရက်မှာ တောင်းဆိုခဲ့ပြီး မော်စကိုဟာ “ယူကရိန်း စစ်သုံ့ပန်းတွေရဲ့ အသက်ကို လိုက်ကစားနေတယ်” လို့ စွပ်စွဲခဲ့ပါတယ်။
“ရုရှားတွေဟာ ယူကရိန်းအကျဉ်းသားတွေရဲ့ အသက်တွေ၊ သူတို့ချစ်ရသူတွေရဲ့ ခံစားချက်တွေ၊ ယူကရိန်း လူ့အဖွဲ့အစည်းရဲ့ စိတ်ခံစားမှုတွေကို ကစားနေကြတယ်ဆိုတာ ရှင်းနေတာပဲ”လို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ် အီလ်-၇၆ ကို တမင်သက်သက် ပစ်ချခဲ့တယ်လို့ ရုရှားအရာရှိတွေက စွပ်စွဲထားပြီး အဲဒီလေယာဉ်မှာ အကျဉ်းသား လဲလှယ်ရေးမှာ ပါဝင်တဲ့ ယူကရိန်း စစ်သုံ့ပန်းတွေကို တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“ဖြစ်ရပ်မှန်” ဆိုတာ အခုအခြေအနေအတွက် အဓိကစကားလုံး ဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
လေတပ်အသုံးပြုမှုနဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ဦးစီးချုပ်ဆီက အစီရင်ခံစာကို ကြားသိရပြီး အကျဉ်းသားအားလုံးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပြုဖို့ ပင်မထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက လုပ်ဆောင်နေပြီလို့လည်း ဆိုပါတယ်။
ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ဟာ အခြေအနေအားလုံးကို စုံစမ်းစစ်ဆေးနေပြီး ယူကရိန်းအတွက် ရရှိနိုင်သမျှ အချက်အလက်တွေကိုလည်း ယူကရိန်းမိတ်ဆွေတွေဆီ ပေးပို့ဖို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားထားကြောင်းနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ယူကရိန်းနိုင်ငံက တောင်းဆိုပါကြောင်း သမ္မတ ဇလန်းစကီးက ပြောသွားပါတယ်။
ယူကရိန်း စစ်ထောက်လှမ်းရေးကတော့ မော်စကိုဟာ အရင်စစ်သုံ့ပန်းတွေ လဲလှယ်ချိန်တွေတုန်းက လုပ်ခဲ့သလို ရုရှားနိုင်ငံတောင်ပိုင်းရှိ ဘဲလ်ဂိုရော့ဒ် ဧရိယာတဝိုက်ကို လေကြောင်းလုံခြုံရေးအတွက် ကိယက်ဗ်ကို တောင်းဆိုခဲ့တာ မရှိဘူးလို့ ဇန်နဝါရီ ၂၄ ရက်မှာ ပြောကြားပါတယ်။
ယူကရိန်းစစ်သုံ့ပန်း ၆၅ ဦး တင်ဆောင်လာတဲ့ လေယာဉ်ကို ပစ်ချခဲ့တာလို့ ရုရှားရဲ့ စွပ်စွဲချက်ဟာ အခြေအနေကို မတည်မငြိမ်ဖြစ်စေဖို့နဲ့ ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှု အားနည်းသွားအောင် စီစဉ်ထားတဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
ပျက်ကျခဲ့တဲ့ ရုရှား စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်မှာ ဘယ်သူဘယ်ဝါတွေ လိုက်ပါလာကြောင်း ယုံကြည်ရလောက်တဲ့ အချက်အလက်တွေ မရှိကြောင်းလည်း ယူကရိန်း စစ်ထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters