စစ်ဘေးရှောင် ပါလက်စတိုင်းတွေ ခိုလှုံနေတဲ့ ဂါဇာက ကုလသမဂ္ဂဝင်းကို အစ္စရေးတင့်ကားတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြီးအကျယ် သေကျေထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အစ္စရေးကတော့ သူ့တပ်တွေလက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး ဟားမတ်စ်ရဲ့ ဒုံးကျည်ထိတာ ဖြစ်နိုင်တယ်လို့ တန်ပြန်စွပ်စွဲခဲ့ပါတယ်။
ဂါဇာတောင်ပိုင်းက ခန်ယူနစ်မြို့မှာ လူ ၃၀,၀၀၀ ခိုလှုံနေတဲ့ ကုလသမဂ္ဂက ဖွင့်ထားတဲ့ သက်မွေးမှုပညာသင်ကျောင်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂက စွပ်စွဲထားပါတယ်။
ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းနယ်မြေဆိုင်ရာ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး ဂျိမ်းမက်ဂိုးလ်ဒရစ်ချ်က “အကြီးအကျယ် သေကျေထိခိုက်မှုတွေ ရှိခဲ့ပြီး အဆောက်အဦတချို့ မီးလောင်ကုန်ပါတယ်။ သေဆုံးမှုတွေရှိပြီး လူတွေက အခင်းဖြစ်နေရာက ပြေးဖို့ကြိုးစားပေမဲ့ ပြေးလို့မရပါဘူး” လို့ ပြောပါတယ်။
လူ ၈၀၀ လောက် ခိုလှုံနေတဲ့ စင်တာအတွင်းက အဆောက်အအုံတခုကို တင့်ကားနှစ်စင်းက ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရတယ်လို့ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအေဂျင်စီ (UNRWA) က ထုတ်ပြန်ပါတယ်။ သေဆုံးသူအရေအတွက်ဟာ ဒီထက်တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
“ဒီဝင်းဟာ ကုလသမဂ္ဂနေရာဆိုတာ ရှင်းရှင်းလင်းလင်းလည်း အမှတ်အသား ပြုထားပါတယ်။ တည်နေရာ ကိုဩဒိနိတ်ကိုလည်း အစ္စရေးအာဏာပိုင်တွေကို မျှေဝေပြီးသား ဖြစ်ပါတယ်။ ဒါဟာ စစ်ပွဲရဲ့ အခြေခံစည်းမျဉ်းကိုပါ ပေါ်တင် ထပ်ပြီး မထီမဲ့မြင်ပြုတာပါပဲ” လို့ UNRWA အကြီးအကဲ ဖီလစ်ပီလက်ဇာရီနီက ဝေဖန်ပါတယ်။
Source/Photo-REUTERS/Amir Cohen