လောကမှာ လူတဦးအတွက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းတရပ်ပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းတမျိုးအတွက်ပဲဖြစ်ဖြစ် နာမည်ကောင်းတလုံး ထွက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အချိန်ယူပြီး နာမည်ကောင်းထွက်ဖို့ အဘက်ဘက်ကနေ ကြိုးပမ်းအားထုတ် တည်ဆောက်ရတာ ဖြစ်ပါတယ်။
အဲ့ဒါနဲ့ဆန့်ကျင်ဘက်ကတော့ နာမည်ကောင်းထွက်ဖို့ ခက်ခဲသလောက် နာမည်ပျက်ဖို့ တနည်းအားဖြင့် သမိုင်းသေဖို့ဟာ အလွန်လွယ်ကူလှပါတယ်။ နှစ်ပေါင်းများစွာ ထူထောင်ခဲ့ တည်ရှိခဲ့တဲ့ နာမည်ကောင်းတွေ၊ ဂုဏ်သိက္ခာတွေဟာ မရိုးသားတာ၊ မဟုတ်မမှန်တာ၊ အရည်အသွေး ညံ့ဖျင်းလိုက်တာနဲ့ ရှိဖူးတဲ့ နာမည်ကောင်း ဂုဏ်သိက္ခာတွေ အဖတ်လိုက် ကွာကျပြီး တခဏချင်း နာမည်ပျက်ရတော့တာပါပဲ။
အဖွဲ့အစည်းတရပ်ဟာ ဂုဏ်သိက္ခာပျက်ခြင်းနဲ့အတူ အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကျိုးကြေမှုတွေ အတူတကွ ဖြစ်ပေါ်လာရပါတယ်။ မြန်မာစစ်ဓားပြတပ်ဟာ ပြည်သူအပေါ် သစ္စာဖောက်ပြီး အရက်စက်ဆုံး နည်းလမ်းတွေနဲ့ စစ်အာဏာကို ထူထောင်ခဲ့ကြတာကြောင့် နိုင်ငံသူ နိုင်ငံသား ပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့ ရန်သူအဖြစ် ရောက်ရှိခဲ့ရပြီး တပြည်လုံးက ဝိုင်းဝန်းဆန့်ကျင် တော်လှန်တာကို ခံရတာမို့ စစ်ဗိုလ်စစ်သားတွေရဲ့ ခံယူချက်၊ စိတ်ဓာတ်နဲ့ ယုံကြည်မှု အားလုံး ကျိုးကြေခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်ကတည်းက တိုင်းပြည်သယံဇာတတွေနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို မောင်ပိုင်စီးပြီး ဗိုလ်ကျသောင်းကျန်းခဲ့တဲ့ တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းဟာ နာမည်ဆိုးတွင် သမိုင်းသေသွားလာခဲ့တာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ လက်ကျန်မျက်နှာဖုံး ဂုဏ်သိက္ခာအားလုံး ကွာကျပျောက်ဆုံးခဲ့ရပါတယ်။
ဂုဏ်သိက္ခာမဲ့ မြန်မာစစ်ဓားပြဂိုဏ်းဟာ သူတို့ကို ဆန့်ကျင်တော်လှန်နေသူတွေကို ယောကျ်ား၊ မိန်းမ၊ ကလေး၊ လူကြီး မခွဲဘဲ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တာ၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်တာ၊ မတရားဖမ်းဆီး ထောင်ချတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ချိုးဖောက်လာခဲ့တာမို့ မိဘပြည်သူတွေရဲ့ စွန့်ပယ်မှုခံရပြီး စစ်ဓားပြတပ်တွင်းက အာဏာရှင် ခါးပိုက်ဆောင် စစ်ဗိုလ်စစ်သားတွေကြား ယုံကြည်ချက် ခံယူချက်တွေ ပျက်ပြား စိတ်ဓာတ်တွေ အကြီးအကျယ် ကျိုးကြေခဲ့ရပါတယ်။
ပြည်သူနဲ့ဖြစ်နေရတဲ့ မတရားသောစစ်ပွဲမှာ ဆက်လက်ပါဝင်လိုခြင်း မရှိတော့ဘဲ စစ်တိုက်လိုစိတ် ခန်းပြီး အလွယ်တကူ အညံ့ခံ အရှုံးပေးခဲ့ကြတာမို့ တပ်ရင်းအလိုက်၊ စစ်ဆင်ကွပ်ကဲရေး ဗျူဟာအလိုက် လက်နက်ချတဲ့ သတင်းတွေဟာ စစ်တပ်အတွင်း စိတ်ဓာတ်တွေ ကျိုးကြေသွားတာကို ဘယ်လိုမှ ကုစားမရနိုင်တော့ဘူးဆိုတာကို ညွှန်ပြနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ တပ်မ ၂၂ လက်အောက်ခံ ရေစိုးချောင်းဗျူဟာကုန်းစခန်းမှ ဆုတ်ခွာထွက်ပြေးသွားတဲ့ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အလင်းဝင်သွားခဲ့ပါတယ်။
နောက်သတင်းတပုဒ်ကတော့ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းကစတင်ပြီး ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ကလေး-ဖလမ်း-ဟားခါး လမ်းမဘေး၊ သိုင်းငင်းကျေးရွာရှိ စစ်ဓားပြတပ်စခန်းကို ချင်းတော်လှန်ရေးတပ်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ စခန်းမကျစေရေး ခုခံခဲ့ပေမဲ့လည်း အခြေအနေအမှန်ကို မသိခဲ့တဲ့ စစ်ဓားပြတပ်သား ၃၀ ရှိသမျှအားလုံး သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာတော့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့သတင်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် စစ်ဓားပြတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၃၉ တပ်ရင်းမှူး ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ဝိုင်းပတ်ခံရပြီး ပွဲကြမ်းတော့မှ မပစ်ပါနဲ့ဆိုပြီး အလံဖြူထောင်ကာ ရက္ခိုင့်တပ်တော် (AA) ထံ နံနက် ၁၁ နာရီခန့်မှာ လက်နက်ချခဲ့ကြပါတယ်။ ပြည်သူအများစုရဲ့ ထောက်ခံမှု၊ အားပေးမှု မရတော့ဘဲ သမိုင်းလည်းသေ စိတ်ဓာတ်လည်းကြေသွားတဲ့ စစ်တပ်ဟာ နောင်မှာလည်း အောင်ပွဲရစရာ မရှိတော့ဘဲ အရှုံးနဲ့သာ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
စစ်ဓားပြတပ်သားတွေနဲ့ ဆန့်ကျင်ဘက်က ပြည်သူ့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ၊ လူငယ်လူရွယ်တွေ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်တပ်ရဲ့ ပြင်းထန်ရက်စက်တဲ့ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ ကြုံတွေ့နေရဆဲကာလဟာ ၃ နှစ်နီးပါး ရှိခဲ့ပေမဲ့လည်း သူတို့ရဲ့ စစ်အာဏာရှင်ကို လက်မခံတဲ့ တော်လှန်ရဲတဲ့ စိတ်ဓာတ်တွေက ဘယ်တော့မှ ဆိတ်သုဥ်းမသွားဘူးဆိုတာ အရှိန်အဟုန် ပိုကြီးမားလာတဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ အောင်ပွဲတွေက သက်သေခံလျက် ရှိနေပါတယ်။
အရင်တုန်းကတော့ ပြည်သူနဲ့ စစ်မခင်းရဘဲ ဝါးအစည်းပြေသလို ညီညွတ်ရေး ဖြိုခွဲခံရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ခြံထဲကကြက်တွေလို သဘောထားပြီး လက်နက်အသာနဲ့ ဗိုလ်ကျစိုးမိုးခွင့် ရခဲ့စဉ်မှာ သူတို့ကိုယ်သူတို့ တိုက်တိုင်းအောင် တပ်မတော်၊ နောင်တခေတ်ရဲ့ အောင်စစ်သည် ဆိုတဲ့ ကြွားလုံးတွေ ထုတ်ခဲ့သမျှ အခုတော့ တိုက်တိုင်းရှုံး တပ်မတော်၊ နောင်တခေတ်ရဲ့ အမြဲရှုံးစစ်သည် ဖြစ်ခဲ့ရပါပြီ။
ဒီကနေ့အချိန်ဟာ နိုင်ငံတော်အာဏာ သုံးရပ်စလုံးရဲ့ မူလပိုင်ရှင် အစစ်အမှန်ဖြစ်တဲ့ ပြည်သူလူထုထံက အာဏာကို လက်နက်အားကိုး လုယူခဲ့တဲ့ စစ်အာဏာရှင်ထံ သစ္စာခံပြီး တိုင်းပြည်ကို ပုန်ကန်ခဲ့တာမို့ သမိုင်းလည်းသေ၊ ဂုဏ်သိက္ခာလည်းကြွေ စိတ်ဓာတ်လည်း ကျိုးကြေနေတဲ့ စစ်ဓားပြဂိုဏ်းက စစ်ဗိုလ်စစ်သားတွေ ဇီဝိန်လည်း တဖြုတ်ဖြုတ် ကြွေနေတဲ့ကာလ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေမှာ မုဆိုးမအိမ်ရာတွေ ဆောက်လုပ်လို့ မနိုင်လောက်အောင် စစ်ဗိုလ်စစ်သား အင်အားပြုန်းတီးမှုတွေ ရင်ဆိုင်ရရင်း ပြန်လည်မဖြည့်တင်းနိုင်တာမို့ မြို့တွေ ရွာတွေမှာ ပြည်သူ့စစ်တွေကို အတင်းအကျပ် ခြိမ်းခြောက်မီးရှို့ပြီး ဖွဲ့စည်းခိုင်းလို့ အင်အားဖြည့်တင်းနေပေမဲ့ ရောဂါကျွမ်းပြီး ဆေးမမီတော့ပါဘူး။ သင်္ချိုင်းကို ခြေတဖက်လှမ်းနေတဲ့ လူနာနဲ့တူလှတဲ့ စစ်ဓားပြတပ်ဟာ သေခါနီး သွေးရူးသွေးတန်း လုပ်ကိုင်သလို ယတြာတွေအားကိုး၊ တရုတ်အားကိုး၊ ယိုးဒယားအားကိုး စတာတွေ ဘာပဲလုပ်လုပ် ပြည်သူမုန်းရင် ဆေးမရှိ … ပုန်းနေလည်း ဘေးထိမှာ မုချဧကန် ဖြစ်ပါကြောင်း။
မင်းကောင်းချစ်