Home
မြန်မာသတင်း
ဆီဆိုင်မြို့ ဌာနဆိုင်ရာရုံးများ၌  ပအိုဝ်းအလံလွှင့်ထူ
DVB
·
January 25, 2024
Pnlo 2512024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်တဲ့ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး ဆီဆိုင်မြို့က ဌာနဆိုင်ရာ ရုံးတွေမှာ ပအိုဝ့်အလံတွေ လွှင့်ထူထားပါတယ်။

ဆီဆိုင်မြို့နယ် နောင်ထောင်စစ်ဘေးရှောင်တွေ နေတဲ့နေရာကို  ဇန်နဝါရီ ၂၃ ရက်က စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၄ ရက်မှာ စစ်တပ် အခြေစိုက်ရာနေရာတွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။

ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းကစပြီး ဆီဆိုင်မြို့ပေါ်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ညနေပိုင်းမှာတော့  စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်ခဲ့လို့  ဆီဆိုင်မြို့နေ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ကြရပါတယ်။

လွိုင်ကော်မြို့ တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့က လူမျိုးပေါင်းစုံဘုရားရှိခိုးကျောင်းမှာ လာရောက် ခိုလှုံခဲ့တဲ့ ဦးဒေးဗစ်က “မနေ့ မွန်းလွဲ  ၂ နာရီလောက် တိုက်ပွဲ စဖြစ်တော့ ကျနော်တို့ ကပျာကယာပဲ ထွက်လာတယ်။ မြို့ခံ အားလုံးနီးပါးလည်း ထွက်ပြေးကြတယ်။ ဒီမနက်ပိုင်းမှာလည်း တချို့ ထွက်ကြတာရှိတယ်။ ကျနော်က လွိုင်ကော်မှာ နေတာ။ ၂၀၂၂ ခုနှစ်တုန်းက တိုက်ပွဲဖြစ်တော့ တခါ။ အခြေအနေ နည်းနည်း ပြန်ကောင်းလာတော့ ပြန်တယ်။ နောက် ၂၀၂၃ ခုမှာ တခါ တိုက်ပွဲ ထပ်ဖြစ်လို့ ထွက်ပြေးရတယ်။ အခုဆီဆိုင်မှာ တိုက်ပွဲ ထပ်ဖြစ်တော့ ထွက်ပြေးရတယ်။ အခု တောင်ကြီးနားက ရွာ တရွာကို ရောက်နေတယ်။ ကျနော်အပါအဝင် ကျနော့်နဲ့ မိသားစုဝင် အားလုံး ၁၇ ယောက် အတူ ထွက်ပြေး လာကြတာ”လို့ ပြောပါတယ်။

မနေ့ညကလည်း ဆီဆိုင်မှာ လေယာဉ် ဗုံးလာကြဲပြီး နေအိမ် တချို့မီးလောင်သွားကာ လူတချို့ ဒဏ်ရာ ရတာတွေရှိပေမဲ့ အတိအကျ မသိရသေးပါဘူး။

လတ်တလော ဆီဆိုင်မြို့နယ်က ခမရ ၄၂၃၊ ၄၂၄ ကို  PNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး  စစ်ကောင်စီတပ်ရင်း၊ ဆီဆိုင်ရဲစခန်းနဲ့  ဌာနဆိုင်ရာရုံးတွေမှာ  ပအိုဝ်းအလံတွေ လွှင့်ထူထားတယ်လို့ PNLA ရဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။

ဒီလို တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ဒီနေ့အထိ စစ်တပ်က လေယာဉ်နဲ့ ဆီဆိုင်မြို့ကို ပစ်ခတ် နေသလို မြေပြင်တိုက်ပွဲတွေလည်း  ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024