မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ မြို့ပေါ်ရပ်ကွက် တောင်ကုန်းတွေမှာ စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက်က စတင်ကာ အင်အားတိုး တပ်ဖြန့်ပြီး လက်နက်ကြီး၊ အမြောက်တွေ တပ်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ညောင်သုံးပင်ရပ်ကွက်၊ လယ်ဦးရပ်ကွက်၊ သံလွင်တောင်ရပ်ကွက်၊ စစ်တန်းရပ်ကွက်၊ စစ်တပ်ဗျူဟာကုန်းရှိရာ အရှေ့ဗိုလ်ကုန်းရပ်ကွက်၊ မိုးကုတ်မြို့ အနောက်ပိုင်း ပန်းမရပ်ကွက်၊ ကျပ်ပြင်ရပ်ကွက်၊ အောင်သုခရပ်ကွက်တွေက အထက်မြင့် တောင်ကုန်းတွေပေါ်မှာ စစ်တပ်က နေရာယူ အင်အားဖြည့်နေတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်က မိုးကုတ်မြို့မှာ အင်အားထပ်ဖြည့်ထားပြီး စစ်ဆေးတာမရှိပေမဲ့ စစ်ရေးအတွက် အသင့်ပြင်ထားတဲ့ အနေအထားကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
မိုးကုတ် မြို့ခံအမျိုးသားတဦးက “စစ်တာဆေးတာမရှိဘူး၊ ပုံမှန်ပဲ။ PDF တွေ မြို့သိမ်းလာရင် ပြန်တိုက်လို့ရအောင် နေရာတွေ ကြိုယူထားတဲ့သဘောပဲ” လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ တိုက်ပွဲတွေ မဖြစ်သေးပေမဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် ဒေသခံတွေလည်း စစ်ရှောင်နေကြပါတယ်။
မြို့ခံတဦးက “စစ်တပ်နဲ့နီးတဲ့ နေရာကလူတွေ ရှောင်ကြပြီ။ သူတို့က လက်နက်ကြီးတွေ၊ အမြောက်တွေ တပ်ထားတော့ တခုခုဆို သူတို့ပစ်ခံရရင် ထိမှာစိုးလို့ ရှောင်ကြတာ။ စစ်တပ်စခန်းနဲ့ နီးတဲ့နေရာက လူတွေကော ရှောင်ကြပြီ။ ခုဆို လက်နက်ကြီးတွေ ဆင်ထားကြတာ အများကြီးပဲ” လို့ ပြောပါတယ်။
မိုးကုတ်မြို့က ဒေသခံတွေ မန္တလေးနဲ့ ရန်ကုန်တွေကိုဆီကို စစ်ရှောင်သူ များတာကြောင့် ကားလက်မှတ်တွေတောင် ဝယ်မရတော့ဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့မှာတိုက်ပွဲမဖြစ်သေးပေမဲ့ မြို့နဲ့ ၂၈ မိုင်ဝေးကွာတဲ့ မိုးမိတ်မြို့မှာတော့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။