ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး တူရကီပါလီမန်မှာ ဇန်နဝါရီ ၂၃ ရက်က ၄ နာရီကျော်ကြာ အချေအတင် ဆွေးနွေးပြီးနောက်မှာ အတည်ပြုနိုင်ခဲ့တဲ့အတွက် လပေါင်း ၂၀ လောက် နှောင့်နှေးခဲ့အပြီး အနောက်နိုင်ငံတွေရဲ့ စစ်ရေးမဟာမိတ် ချဲ့ထွင်ဖို့ နောက်ဆုံးအတားအဆီးလည်း ရှင်းလင်းသွားပြီ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံက မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) မှာ ပါဝင်လာမယ့် အရေးကိစ္စမှာ တရားဝင် လုပ်ထုံးလုပ်နည်းတွေဆိုင်ရာ ပရိုတိုကော အတည်ပြုချက်နဲ့ စပ်လျဉ်းပြီး အဆိုပြုထားတဲ့ ဥပဒေကြမ်းအပေါ် မဲခွဲဆုံးဖြတ်မှု ရလဒ်အနေနဲ့ ဆန္ဒမဲအရေအတွက် ၃၄၆ ရှိထားပြီး အဲဒီထဲမှာ ထောက်ခံမဲ ၂၈၇ မဲ၊ ကန့်ကွက်မဲ ၅၅ မဲနဲ့ ကြားနေမဲ ၄ မဲ ရရှိတယ်လို့ တူရကီပါလီမန်က ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတ တေယစ်ပ် အာဒိုဂန်ရဲ့ အာဏာရ AK ပါတီ၊ သူ့ရဲ့အမျိုးသားရေးဝါဒီ MHP မဟာမိတ်တွေနဲ့ အဓိကအတိုက်အခံ CHP တို့က အထွေထွေညီလာခံမှာ အဲဒီအဆိုကို ထောက်ခံမဲပေးခဲ့ကြပြီး အတိုက်အခံ အမျိုးသားရေးဝါဒီ၊ အစ္စလာမ္မစ်နဲ့ လက်ဝဲဝါဒီ ပါတီတွေက ကန့်ကွက်မဲ ပေးခဲ့ကြတာပါ။
အာဒိုဂန်ဟာ လာမယ့်ရက်ပိုင်းအတွင်း အဲဒီဥပဒေကြမ်းကို တရားဝင် လက်မှတ်ရေးထိုးတော့မှာဖြစ်ပြီး အန်ကာရာရဲ့ အနောက်မဟာမိတ်တချို့ကို စိတ်ပျက်စေခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို အဆုံးသတ်သွားနိုင်ပြီ ဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံကတော့ စတော့ဟုမ်းရဲ့ ဝင်ရောက်ခွင့်ကို အတည်ပြုဖို့ ကျန်ရှိနေသေးတဲ့ တဦးတည်းသော နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။
Source/Photo-Reuters