ရန်ကုန်မြို့ကို တခြားဒေသတွေကနေ ခရီးသည်တင်ယာဉ်နဲ့ ဆိုက်ရောက်လာတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အောင်မင်္ဂလာအဝေးပြေး ဂိတ်ရောက်မှ ဆင်းခွင့်ရပြီး ဂိတ်မရောက်ခင် ဆင်းသူတွေကို ကျပ် ၁ သိန်းအထိ ဒဏ်ကြေးပေးဆောင်ခိုင်းနေတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။
ရန်ကုန်ကို ဝင်ရောက်လာတဲ့ ခရီးသည်တင်ယာဉ်တွေဟာ မြို့အဝင်ဂိတ်တွေကို ဖြတ်ကျော်လာပြီဆိုရင် အဝေးပြေးဂိတ်မရောက်မခြင်း ခရီးသည်ဆင်းခွင့်မရှိဘဲ အဝေးပြေးဂိတ်ရောက်မှသာ ခရီးသည်ဆင်းခွင့်ပေးတော့တာလို့ Elite ယာဉ်မောင်းတဦးက ပြောပါတယ်။
“အဝေးပြေးဂိတ်ရှေ့မှာတောင် ဆင်းခွင့်မပေးဘူး။ Arrival နေရာကိုရောက်မှပဲ ဆင်းခွင့်ပေးတာ။ တကယ်လို့ တယောက်ဆင်းရင် ကျပ် ၁ သိန်း၊ ၂ ယောက်ဆင်းရင် ၂ သိန်း ဒဏ်ကြေးဆောင်ရတယ်။ မထသက လူတွေက အဲ့ဒီလိုသတ်မှတ်ထားတာ။ ဘာလို့လုပ်တာလည်းတော့ မသိဘူး။ ခရီးသည်က ကားငှားခထပ်ကုန်တာပေါ့။”
အရင်က အဝေးပြေးဂိတ်မရောက်ခင် ခရီးသွားပြည်သူတွေဟာ နီးစပ်ရာကားဂိတ်နဲ့ နေထိုင်ရာမြို့တွေနဲ့ နီးစပ်တဲ့နေရာတွေမှာဆင်းခွင့်ရရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် အဲ့ဒီအခြေအနေတွေဖြစ်ပေါ်လာတာလို့ သိရပါတယ်။
ခရီးသွားသူတဦးကလည်း “နေတာက အမှတ် ၃ လမ်းမဘေးမှာနေတာ။ ကားကလည်း ကိုယ်နေတဲ့နေရာနားကပဲဖြတ်တာ။ အဲ့ဒါဆင်းဖို့ လုပ်တော့ ဆင်းခွင့်မရဘူး ။ ဂိတ်ရောက်မှာဆင်းရတယ်။ အနောက်ကို ၅ မိုင်လောက်ကား ပြန်စီးလိုက်ရတယ်။ ကားလက်မှတ်က သုံးသောင်းနီးပါး၊ တက္ကဆီခက တသောင်းခွဲ ဆိုတော့ ခရီးတခါသွားရင် အသွားအပြန် တသိန်းလောက် ကုန်နေတယ်”လို့ ပြောပါတယ်။
ရန်ကုန်မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့က ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ်တွေဟာ ရှေ့ဆင့်နောက်ဆင့် ၂ ခုလောက်ရှိပြီး ဂိတ်တိုင်းမှာ စစ်ဆေးမှုတွေခံယူနေရလို့ အဲ့ဒီဂိတ်တွေမှာ ယာဉ်တန်းရှည်ကြီးတွေ ဖြစ်နေပါတယ်။