အစ္စရေးတပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံးခဲ့ပြီးနောက်မှာ အစ္စရေးတပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှု အပြင်းထန်ဆုံး အခက်ခဲဆုံး နေ့ရက်တရက်ကို ကြုံတွေ့ခဲ့ရပေမဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတို့ အကြွင်းမဲ့ အောင်ပွဲရတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
ဂါဇာကမ်းမြောင်အလယ်ပိုင်းမှာ အဆောက်အဦတွေ ပေါက်ကွဲခဲ့လို့ စစ်သား ၂၁ ဦး သေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးကို စစ်တပ်က စုံစမ်းစစ်ဆေးနေတယ်လို့လည်း နေတန်ယာဟုက ပြောကြားလိုက်ပြီး တရက်တည်းမှာ အစ္စရေးသေဆုံးသူ ၂၄ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။
အစ္စရေး ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက စစ်သွေးကြွတွေဟာ အနီးနားရှိ တင့်ကားတစီးကို ပစ်ခတ်ပြီးနောက်မှာ ဖြိုချဖို့ မိုင်းထောင်ထားခဲ့တဲ့ အဆောက်အဦ ၂ လုံး ပေါက်ကွဲသွားခဲ့ပြီးတော့ စစ်သား ၂၁ ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။
ကာတာအခြေစိုက် အယ်လ်ဂျာဇီးရား ဗီဒီယိုထဲမှာ ဇန်နဝါရီ ၂၂ ရက်က ဂါဇာမှာ အစ္စရေးစစ်သား ၂၁ ဦး သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုတခုကို ပြသထားပါတယ်။
ဗီဒီယိုထဲမှာတော့ ဂါဇာအလယ်ပိုင်းရှိ အယ်လ် မာဂါဇီ ဒုက္ခသည်စခန်းမှ မီးခိုးလုံးတွေ တက်လာတာကို ပြထားပါတယ်။
တလတာ အပစ်ရပ်ပြီး အစ္စရေးဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ လဲလှယ်ဖို့ အစ္စရေးနဲ့ ဟားမတ်စ်အကြား မူအားဖြင့် အကြမ်းဖျင်း သဘောတူညီထားပေမဲ့ ဂါဇာစစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲ ဆိုတဲ့အချက်မှာ သဘောထား ကွဲပြားနေတဲ့အတွက် ရှေ့မဆက်နိုင် ဖြစ်နေတယ်လို့ သတင်းရင်းမြစ်သုံးခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဇန်နဝါရီ ၂၃ ရက်မှာ ဖော်ပြပါတယ်။
မကြာသေးမီ ရက်သတ္တပတ်အတွင်း ကာတာ၊ အမေရိကန်နဲ့ အီဂျစ်တို့က တောက်လျှောက် ဝင်ညှိပေးနေတဲ့ ပုံစံက တဆင့်ချင်း ချဉ်းကပ်ပုံ ဖြစ်ပါတယ်။ အစ္စရေးဓားစာခံတွေဆိုရင် အမျိုးအစား အမျိုးမျိုးခွဲထားပြီး အရပ်သားကစပြီး စစ်သားမှာ ဆုံးမှာဖြစ်ပါတယ်။
အပေးအယူအနေနဲ့ တိုက်ခိုက်မှုရပ်မယ်၊ ပါလက်စတိုင်း အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ ဂါဇာကို အကူအညီတွေ ပေးပို့ရမယ် ဆိုတဲ့ အချက်တွေ ပါပါတယ်။ ဒီလွန်းပျံသံခင်းတမန်ခင်းဟာ ဒီဇင်ဘာ ၂၈ ရက်က စတင်ခဲ့ပြီး ကနဦး အပစ်အခတ်ရပ်စဲမှုကို ရက် ၃၀ ဝန်းကျင်လို့ ညှိထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
ဟားမတ်စ်တွေဘက်က မူလက လချီ အပစ်ရပ်ဖို့ ညှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အပြီးသတ် အပစ်အခတ်ရပ်စဲရေး အစီအစဉ် မရှိဘူးဆိုရင် ဆက်မဆွေးနွေးဘူးလို့ ဟားမတ်စ်က ငြင်းထားတဲ့အတွက် ရှေ့မဆက်နိုင် ဖြစ်နေတယ်လို့ သတင်းရင်းမြစ် ခြောက်ခုကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။
ဒီအကြောင်းအရာကို လွတ်လွတ်လပ်လပ် ပြောနိုင်ဖို့ သတင်းရင်းမြစ် အများစုက အမည်ဖော်ပြခြင်းမပြုဖို့ မေတ္တာရပ်ခံထားပါတယ်။
အစ္စရေးကကျတော့ တချိန်ကို တဆင့်ချင်းပဲ ဆွေးနွေးချင်ပြီး ဟားမတ်စ်ကတော့ ကနဦးအဆင့်မှာ ဓားစာခံတွေမလွှတ်မီ အပြီးသတ် အပစ်အခတ် ရပ်စဲနိုင်တဲ့ ပုံစံမျိုး သဘောတူညီချက် အစုလိုက် လိုချင်တာလို့ ဆိုပါတယ်။
နှစ်ဖက်စလုံးဟာ တိုက်ရိုက်ဆွေးနွေးတာမဟုတ်ဘဲ ကြားခံတွေကနေတဆင့် ညှိတာလို့လည်း သိရပါတယ်။
ကြားခံတဦးဖြစ်တဲ့ အီဂျစ်က တလ အရင် အပစ်ရပ်မယ်၊ ပြီးမှ အမြဲတမ်းရပ်စဲဖို့ သွားမယ်ဆိုတဲ့ မူနဲ့ ဟားမတ်စ်ကို ညှိနေပေမဲ့ ဟားမတ်စ်က အမြဲရပ်ဖို့ရာ အာမခံချက် လိုချင်နေပါတယ်။
ဟားမတ်စ်တာဝန်ရှိသူ ဆာမိအဘူဇူရီက “ကျနော်တို့က အဆိုပြုချက်တွေ အကုန်လုံးကို တံခါးဖွင့်ထားပါတယ်။ ဒါပေမဲ့ ဘယ်သဘောတူညီချက်မဆို ရန်လိုမှုရပ်တန့်ပြီး ဂါဇာကမ်းမြောင်ကို သိမ်းပိုက်ထားမှု လုံးဝပြန်ဆုတ်ပေးတဲ့ အချက်အပေါ် အခြေခံမှရပါမယ်” လို့ ပြောပါတယ်။
စစ်အဆုံးသတ်ချင်ရင် ဂါဇာမှာရှိတဲ့ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် ခြောက်ဦးစလုံး ထွက်ပေးရမယ်လို့ အစ္စရေးက ကမ်းလှမ်းတာရှိပေမဲ့ အဲဒါကို ဟားမတ်စ်ဘက်က လက်မခံဘူးလို့ ဟားမတ်စ် တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီလိုကမ်းလှမ်းမှု တကယ်ရှိသလား ဆိုတာ အစ္စရေးတာဝန်ရှိသူတွေကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။
ဒါပေမဲ့ လက်နက်ချ၊ ပြည်ပနှင်ထုတ်ဆိုတဲ့ အခင်းအကျင်းမျိုး ဆွေးနွေးခဲ့ဖူးကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောခဲ့ဖူးတယ်လို့ အစ္စရေးသတင်းဌာန N12 က ဖွင့်ချထားပါတယ်။
Source/Photo-Reuters