ရုရှားထောက်လှမ်းရေးတွေ ဘက်ပြောင်းပြီး အမေရိကန်အတွက် နှစ်ဖက်ချွန် သူလျှိုလုပ်ပေးဖို့ ရုရှားဘာသာစကားနဲ့ ပြောဆိုဆွဲဆောင်တဲ့ ဗီဒီယိုဖိုင်ကို CIA က ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအပေါ် ရုရှားနိုင်ငံသားတွေအကြား မကျေနပ်မှုတွေ ရှိလာတာဟာ သူလျှိုစုဆောင်းဖို့ အခွင့်ကောင်းပဲလို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (CIA) ရဲ့ ညွှန်ကြားရေးမှူး ဝီလျံဘန်းက ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြောခဲ့ဖူးပါတယ်။ အဲဒီစကားအတိုင်း အခု ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွေကနေ ဖြန့်ဖြူးခဲ့တာ ဖြစ်ပါတယ်။
အထက်ပိုင်းမှာ အဂတိလိုက်စားမှုတွေ ဆိုးရွားနေပြီး ရုရှားစစ်သားတွေကိုကျတော့ လက်နက်ရိက္ခာ ထောက်ပံ့မှု နုံချာစုတ်ပြတ်နေတာတွေကို မြင်ရပြီး သစ္စာဖောက်ခံရသလို ခံစားနေရတဲ့ ရုရှားထောက်လှမ်းရေးအေဂျင်စီတွေမှာ လုပ်ကိုင်ကြတဲ့ မျိုးချစ်ရုရှားတွေ အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းကြဖို့ ဗီဒီယိုထဲမှာ ဆော်ဩထားပါတယ်။
“ခင်ဗျားတို့ ပတ်ဝန်းကျင်က လူတွေကတော့ အမှန်တွေကြားချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ ကြားချင်ပါတယ်။ ခင်ဗျားတို့မှာ စွမ်းပကားမရှိတာ မဟုတ်ပါဘူး” ဆိုပြီး ဗီဒီယိုထဲမှာ ပြောထားပါတယ်။
CIA ကို ဆက်သွယ်ချင်ရင် ဘယ်လိုဆက်သွယ်ရမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေလည်း ဖော်ပြထားပါတယ်။
လွမ်းဆွေးဖွယ်ရာ ဂန္ထဝင်တေးသွားနောက်ခံနဲ့ ဗီဒီယိုထဲမှာ အဓိကဇာတ်ကောင်က တချိန်က လေထီးစစ်သား တာဝန်ထမ်းဖူးတဲ့ ကိုယ့်ကိုယ်ကိုယ် မျိုးချစ်လို့ ခံယူထားတဲ့ အသက် ၃၅ နှစ်အရွယ် ရုရှားစစ်ထောက်လှမ်ရေး အမှုထမ်းတယောက်ပါ။
“တိုင်းပြည်ခေါင်းဆောင်တွေက နန်းတော်တွေ ဇိမ်ခံရွက်လှေအတွက် တိုင်းပြည်ကို ရောင်းစားနေကြချိန်မှာ ငါတို့စစ်သားတွေက အာလူးပုပ်စားပြီး သမိုင်းမတိုင်မီခေတ်ဦးက လက်နက်တွေနဲ့ ပစ်ခတ်နေရတယ်။ ပြည်သူတွေမှာ အလုပ်ရဖို့အတွက် လာဘ်ပေးနေရတယ်” လို့ အဲဒီပုဂ္ဂိုလ်က ညည်းတွားနေပုံ ရိုက်ကူးထားပါတယ်။
အဲဒီနောက် မျိုးချစ်စိတ်ရှိလို့ပဲ CIA နဲ့ဆက်သွယ်ပြီး ရုရှားအာဏာပိုင်တွေအကြောင်း သတင်းပေးဖြစ်ပုံကို ရိုက်ကူးတင်ဆက်ထားတာပါ။
Source/Photo-REUTERS/Chingis Kondarov