အမေရိကန်ဟာ အီရတ်ရှိ အီရန် ကျောထောက်နောက်ခံပြု ပြည်သူ့စစ် ကာတိုဘ်ဟစ်ဇ်ဘိုလာနဲ့ ဆက်နွှယ်နေတဲ့ အဆောက်အအုံ ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၂၃ ရက်မှာ ပြောကြားပါတယ်။
အစ္စရေး-ဂါဇာ စစ်ပွဲ စတင်ခဲ့တဲ့ အောက်တိုဘာလကတည်းက အီရန်ရဲ့ မဟာမိတ် စစ်သွေးကြွတွေဟာ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အကြိမ် ၁၅၀ လောက် တိုက်ခိုက်ခဲ့ပါတယ်။
စနေနေ့တုန်းက အီရတ်နိုင်ငံရှိ အိန်အယ်လ်အဆဒ်လေတပ်စခန်းကို အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေက ပဲ့ထိန်းဒုံးကျည်တွေ၊ ဒုံးပျံတွေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
အမေရိကန်ကို တိုက်ခိုက်မှုတွေဟာ အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ်နဲ့ စစ်ဖြစ်နေတဲ့ အစ္စရေးကို ထောက်ပံ့မှုအပေါ် လက်တုံ့ပြန်တာလို့ ရှုမြင်ထားပါတယ်။
ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ ဟူသီပစ်မှတ်တွေကို အမေရိကန်တပ်တွေက တိုက်ခိုက်နေတဲ့ စစ်ပွဲတွေကလည်း ဂါဇာကမ်းမြောင်ဒေသမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၄ ရက် အစောပိုင်းက အမေရိကန်စစ်တပ်ဟာ ယီမင်ကို နောက်ထပ် တိုက်ခိုက်ခဲ့ပြီးနောက် ပင်လယ်နီကို ချိန်ရွယ်ကာ ပစ်လွှတ်ဖို့ ပြင်ဆင်နေတဲ့ ဟူသီ သင်္ဘောဖျက်ဒုံးကျည် ၂ စင်းကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်နယ်မြေတွေမှာ ဒုံးကျည်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ကုန်သည်သင်္ဘောတွေနဲ့ ဒေသတွင်းရှိ အမေရိကန် ရေတပ်သင်္ဘောတွေကို ခြိမ်းခြောက်လာနိုင်တယ်လို့ ဆုံးဖြတ်ပြီး တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ကြောင်း အမေရိကန်စစ်တပ်ရဲ့ ဗဟိုဌာနချုပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source/Photo-REUTERS/ALAA AL-MARJAN