Home
နိုင်ငံတကာ
ဂျာမနီနှင့် ဗီယက်နမ် သမ္မတ ၂ ဦး တွေ့ဆုံ
DVB
·
January 24, 2024
German president, businesses visit Vietnam eyeing investment

ဂျာမနီသမ္မတ ဖရန့်ခ်ဝေါလ်တာစတိန်းမီးယားကို ဗီယက်နမ်သမ္မတ ဗိုဗန်သူအန်က ဟနွိုင်းမြို့တော်မှာ ဇန်နဝါရီ ၂၃ ရက်က အခမ်းအနားနဲ့ ကြိုဆိုပြီး လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဂျာမန်အစိုးရဟာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုလျှော့ချရေး ကြိုးပမ်းနေလို့ ဂျာမန်သမ္မတ စတိန်းမီးယားဟာ ဥမင်လိုဏ်ခေါင်းတူးတဲ့စက်တွေ၊ လေအားလျှပ်စစ်လုပ်ငန်းနဲ့ စက်မှုလုပ်ငန်းသုံး ထောက်ပံ့ရေး ပစ္စည်းတွေအတွက် ထိပ်တန်းကုမ္ပဏီတွေပါတဲ့ ဂျာမန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဗီယက်နမ်ကို ရောက်လာတာပါ။

ဗီယက်နမ်အလုပ်သမားတွေ ဂျာမနီနိုင်ငံမှာ အလုပ်လုပ်ဖို့ လွယ်ကူချောမွေ့စေရေးအတွက် ကျွမ်းကျင်လုပ်သား ရွှေ့ပြောင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ခရီးစဉ်အတွင်း သမ္မတ စတိန်းမီးယားနဲ့အတူ ဂျာမန် အလုပ်သမားဝန်ကြီး ဟူဘတ်တို့စ် ဟဲယ် တို့ဟာ ဗီယက်နမ်နိုင်ငံက အရာရှိတွေနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဗီယက်နမ်သမ္မတနဲ့တွေ့အပြီး ဂျာမန်သမ္မတက သူနဲ့အတူပါလာတဲ့ ကုမ္ပဏီတချို့ဟာ ဗီယက်နမ်နိုင်ငံအတွင်း အခြေချဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ထဲမှာပါတဲ့ ကုမ္ပဏီတွေထဲမှာ ဥမင်လိုဏ်ခေါင်းတူးတဲ့စက်တွေ ထုတ်လုပ်ရာမှာ ကမ္ဘာ့စျေးကွက်ကို လွှမ်းမိုးထားတဲ့ ဟဲရန်းနက်ထ် ကုမ္ပဏီလည်း ပါပါတယ်။

ဗီယက်နမ်ရဲ့ မီးရထားနဲ့ မြေအောက်ရထားစနစ်တွေ တိုးချဲ့ဖို့ စီစဉ်နေချိန်မှာ ဟိုချီမင်းမြို့ရဲ့ မြေအောက်ရထားစနစ်ကို တည်ဆောက်ဖို့ ကိရိယာတွေကို ရောင်းပေးနေပါပြီ။

ဂျာမန်ကုမ္ပဏီတွေဟာ အရှေ့တောင်အာရှ ကုန်ထုတ်လုပ်မှု ဗဟိုချက်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ဂျာမန် ကုန်သည်ကြီးများအသင်းက ပြောပါတယ်။

စတိန်းမီးယားရဲ့ ခရီးစဉ်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ဂျာမန်အဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်ရဲ့ ဟနွိုင်းခရီးစဉ်နောက်ပိုင်း ဂျာမန်ခေါင်းဆောင်တဦးရဲ့ ပထမဆုံးခရီးစဉ်ပါ။

ဟနွိုင်းမှာ ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ တွေ့အပြီးမှာ စတိန်းမီးယားဟာ နိုင်ငံရဲ့ စီးပွားရေးအချက်အချာ ဟိုချီမင်းမြို့ဆီ ဇန်နဝါရီ ၂၄ ရက်မှာ သွားရောက်မှာဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024