Home
မြန်မာသတင်း
ပြေးလမ်းချော်ကျခဲ့သည့် စစ်လေယာဉ်ပေါ်က ဒဏ်ရာရသူများသယ်လာသည့် လူနာတင်ယာဉ် မတော်တဆ ထပ်ဖြစ်
DVB
·
January 24, 2024
india 2412024
plane-2312024-1

အိန္ဒိယဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို သွားခေါ်ရင်း မီဇိုရမ်လေဆိပ်မှာ  လေယာဉ် ပြေးလမ်းကျော်ကျခဲ့ပြီး စစ်လေယာဉ်ပေါ်က  ဒဏ်ရာရသူတွေကို သယ်ဆောင်သွားတဲ့ လူနာတင်ယာဉ် ဇန်နဝါရီ ၂၃ ရက်က မတော်တဆထပ် ဖြစ်ခဲ့တယ်လို့ အိန္ဒိယတူဒေး သတင်းမှာ‌ ဖော်ပြပါတယ်။

မနေ့က စစ်ကောင်စီ တပ်သားတွေကို သွားခေါ်တဲ့လေယာဉ် လန်းပွေလေဆိပ်မှာ ပြေးလမ်းကျော်ကျခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို သယ်ဆောင်သွားတဲ့ လူနာတင်ယာဉ်ဟာ မတော်တဆထပ်ဖြစ်ခဲ့ပါတယ်။

ဒဏ်ရာရစစ်သားတွေကို သယ်ဆောင်လာတဲ့ လူနာတင်ယာဉ်ဟာ လေဆိပ်အဆောက်အအုံသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက လူကူးခုံးကျော်တံတား အောက်မှာ ညပ်သွားခဲ့တာဖြစ်ပါတယ်။

ခပ်နိမ့်နိမ့် လူကူးခုံးကျော်တံတားအောက်မှာ ညပ်သွားတဲ့ လူနာတင်ယာဉ်ဟာ အထဲက စက်ပစ္စည်းတွေ ပျက်စီးသွားခဲ့ပေမဲ့ အဲဒီလူနာတင်ယာဉ်ကို အဲဒီနေ့မှာပဲ ပြန်လည် ဆွဲထုတ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် လေယာဉ်ပြေးလမ်းကျော်ကျတာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ စစ်လေယာဉ်ဝန်ထမ်းတွေ ဆေးရုံမှာ အရေးပေါ်ကုသပေးပြီး အာသံရိုင်ဖယ်အဖွဲ့က ပြန်လည်ခေါ်ဆောင်ထားကြောင်းနဲ့ ဒဏ်ရာပြင်းထန်သူ မရှိကြောင်း တရားဝင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျန်နေသေးတဲ့ မြန်မာစစ်သားတွေကို ထပ်မံခေါ်ယူဖို့ မြန်မာစစ်တပ်က တရက်နှစ်ရက်အတွင်း နောက်ထပ်လေယာဉ်ထပ်မံစေလွှတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

အဲဒီမတော်တဆမှုဖြစ်ပွားပြီးနောက် မီဇိုရမ်ပြည်နယ်ထဲက လန်းပွေလေဆိပ်ကို ယာယီပိတ်ထား ပြီး လေယာဉ်အတက်အဆင်းအားလုံးကို ခေတ္တရပ်ထားလိုက်ကြောင်းနဲ့ မနက်ဖြန် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာစစ်တပ်က လေယာဉ် ပြေးလမ်းကျော်ကျရခြင်းရဲ့ အကြောင်းကို စုံစမ်းစစ်ဆေးဖို့ လေကြောင်းကြီးကြပ်ထိန်းသိမ်းရေးဒါရိုက်တာက ညွှန်ကြားထားတယ်လို့ မီဇိုရမ်အစိုးရက ထုတ်ပြန်ထားပါတယ်။

လေကြောင်းကြီးကြပ်ထိန်းသိမ်းရေး အရာရှိအဖွဲ့တွေက လေယာဉ်မတော်တဆမှုကို စုံစမ်းဖို့ ကာလကတ္တားကနေ အိုက်ဇောကို  လာကြမယ်လို့ ဆိုပါတယ်။

ပြေးလမ်းကျော်ကျခဲ့တဲ့ လေယာဉ်ဟာကျန်တဲ့ စစ်သား ၉၂ ယောက်ကို ဒုတိယအသုတ်ကို လာခေါ်တဲ့ လေယာဉ်ဖြစ်ပြီး အဲဒီမတိုင်ခင်ရက်က မြန်မာစစ်သား ၁၈၄  ယောက်ကို ပထမအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်သွားပြီးဖြစ်ပါတယ်။ 

Source: IndiaToday

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024