မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မှာ အထောက်အထားစာရွက်စာတမ်း မပါဘဲ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၉ ဦးနဲ့ ထိုင်းနိုင်ငံသား ၅ ဦးကို ဇန်နဝါရီ ၂၁ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပီနန်ပြည်နယ် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဇန်နဝါရီ ၂၁ ရက် မနက် ၂ နာရီခွဲက ကန်ဒီကျွန်းရဲ့ ရေမိုင် ၁၀ မိုင်ခွဲအတွင်းမှာ ငါးဖမ်းနေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ကမ်းခြေမှ ၁၅ မိုင်အတွင်း ငါးဖမ်းခြင်းနဲ့ အထောက်အထားစာရွက်စာတမ်း မပါရှိလို့ ဖမ်းဆီးခဲ့ပါတယ်။
တချိန်ထဲမှာ ကမ်းခြေမှ ရေမိုင် ၄၂ မိုင်အတွင်း ငါးဖမ်းနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးပါတဲ့ လှေ တစီးနဲ့ ထိုင်းနိုင်ငံသား ၅ ဦးပါဝင်တဲ့ လှေ တစီးတို့ကို အထောက်အထားစာရွက်စာတမ်း မပါရှိမှုနဲ့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၉ ဦးနဲ့ ထိုင်းနိုင်ငံသား ၅ ဦးတို့ကို လူဝင်ကြီးကြပ်ရေးဥပဒေနဲ့ ငါးလုပ်ငန်းဥပဒေတို့နဲ့ အရေးယူဖို့ ပီနန်ဆိပ်ကမ်းမှာ စစ်ဆေးနေပြီး လှေ၊ငါးဖမ်းပစ္စည်းများနဲ့ ငါး ၄၀၀ ကီလိုတို့ကို သိမ်းဆည်းခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ ပီရတ်ရေပိုင်နက်မှာ ဇန်နဝါရီ ၁၁ ရက်က အထောက်အထား စာရွက်စာတမ်း မပါရှိဘဲ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့ က ဖမ်းဆီးခဲ့ပါတယ်။