ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောင်ကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးလာကြဲတဲ့အတွက် ကရင်နီ စစ်ရှောင်နှစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် လာကြဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရှောင်နှစ်ဦး သေဆုံးတဲ့အပြင် ဒေသခံအိမ်နှစ်လုံး၊ စစ်ရှောင်တဲနှစ်လုံး ပျက်စီးခဲ့ပြီး ရွာသားနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
နောင်ထောင်ကျေးရွာသားတဦးက “တိုက်ပွဲက ဖြစ်ပွားတာ လုံးဝမရှိဘူး။ အသံက အကျယ်ကြီးထွက်လာတော့ အကုန်လုံးက ရုတ်ရုတ်သဲသဲဖြစ်ကုန်တာ။ ဘာဖြစ်သွားမှန်းတောင် မသိဘူး။ ကိုယ်လည်း ပြေးသွားရတယ်။ ဒီဘက်မှာ ဒီလိုလည်း တခါမှ မကြုံဖူးသေးတော့ အရမ်းကြောက်ရတယ်” လို့ ပြောပါတယ်။
လေယာဉ်ဗုံးကြဲပြီးနောက် ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ရွာခံတွေနဲ့ စစ်ဘေးရှောင် အကုန်လုံး ဘေးကင်းရာ ဆီဆိုင်မြို့ကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။
နောင်ထောင်ကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ နဲ့ ကရင်နီစစ်ရှောင် ၁,၀၀၀ ကျော် ခိုလှုံနေတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်ကလည်း နောင်ထောင်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၂၀ ကျော် သေဆုံးခဲ့ပါတယ်။