မြန်မာလေတပ်က လေယာဉ်တစ်စီးဟာ ဇန်နဝါရီ ၂၃ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက လန်းပွေလေဆိပ်ကို အဆင်းမှာ ပြေးလမ်းချော်ပြီး မတော်တဆဖြစ်ခဲ့တယ်လို့ အိန္ဒိယတူဒေးသတင်းမှာဖော်ပြပါတယ်။
အဲဒီလေယာဉ်ဟာ ပြီးခဲ့တဲ့အပတ်က အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးဝင်ရောက်သွားခဲ့တဲ့ မြန်မာစစ်ကောင်စီတပ်သားတွေကို သွားပြန်ခေါ်တဲ့ လေယာဉ်ဖြစ်တယ်လို့ သိရပါတယ်။
လေယာဉ်ကအဆင်းမှာ ပြေးလမ်းပေါ် မတော်တဆ ကျော်ပြီးကျခဲ့တာကြောင့် လိုက်ပါလာတဲ့ လေယာဉ် ဝန်ထမ်း ၁၃ ယောက်မှာ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက လုန့်လိုင်နယ်မြေထဲကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ စစ်ကောင်စီတပ်သွားတွေထဲက ၁၈၄ ယောက်ကို ပြန်ခေါ်ဖို့ လန်းပွေလေဆိပ်မှာ သွားကြိုတဲ့ တပ်မတော် (လေ)ပိုင် အဲဒီလေယာဉ်ဟာ ပြေးလမ်းမှာ ဆင်းရမယ့် နေရာထက်ကျော်ပြီး ကျခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်သားတွေကို သူတို့နဲ့အတူပါလာတဲ့ လက်နက်တွေနဲ့အတူ နှစ်သုတ်ခွဲပြီး မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ မြန်မာစစ်တပ်တို့က ညှိနှိုင်း သဘောတူထားခဲ့ကြတယ်လို့ အိန္ဒိယသတင်းမှာ ရေးသားဖော်ပြပါတယ်။
Source/ Photo - IndiaToday