ရန်ကုန်၊ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမှာ ဇန်နဝါရီ ၂၃ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားတယ်လို့ မီးသတ်တပ်ဖွဲ့က ကြေညာပါတယ်။
မီးသတင်းရရှိချိန်မှာ လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးတို့နဲ့ သွားငြှိမ်းသတ်နေတယ်လို့ ထုတ်ပြန်ထားသလို နေ့လယ် ၁ နာရီအထိ မီးခိုးတွေ တွေ့နေရသေးတယ်လို့ အဲဒီအနီးနားဝန်းကျင်မှာ နေထိုင်သူတွေက ဆိုပါတယ်။
လှိုင်သာယာဒေသခံတဦးက “မီးက နည်းနည်းများပုံရတယ်။ မီးသတ်ကားတွေလည်း ထပ်လာနေတယ်။ အဲဒီအမှိုက်ပုံ ပထမတခါလို မီးအားပြင်းမှာ စိုးရိမ်နေကြတာ။ မီးလောင်တိုင်း လန့်နေရတယ်” လို့ ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ကတော့ အမှိုက်ပုံမီးလောင်မှုဟာ နေ့လယ် ၁၂ နာရီ ၅၈ မိနစ်မှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုကနေထွက်လာတဲ့ အနံ့တွေကြောင့် အနီးဝန်းကျင်မှာ နေထိုင်သူတွေ မူးဝေ၊ အော့အန်တာ၊ မျက်စိစပ်တာတွေ ဖြစ်ခဲ့လို့ ဆေးဝါးကုသမှုတွေ ပေးခဲ့ရပါတယ်။
ထိန်ပင်အမှိုက်ပုံဟာ ဧက ၁၀၀ နီးပါးကျယ်ပြီး မြန်မာနိုင်ငံမှာ အကြီးဆုံးအမှိုက်ပုံလည်း ဖြစ်ပါတယ်။