တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်၊ ထန်ဖန်မြို့နယ်၊ လျန်ရွှေရွာမှာ မြေပြိုကျပြီး လူ ၄၇ ယောက်ထက်မနည်း ပျောက်ဆုံးနေလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဇန်နဝါရီ ၂၂ ရက်မှာ ဆောင်ရွက်နေတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။
ပြိုလဲနေတဲ့ ထင်းရှူးတုံးတွေနဲ့ သစ်ကိုင်းတွေကို အရေးပေါ်လုပ်သားတွေက ဖြတ်တောက် ဖယ်ရှားနေတာကို အစိုးရရုပ်သံ CCTV က ထုတ်လွှင့်တဲ့ ပုံတွေထဲမှာ တွေ့ရပါတယ်။
မြို့အတွင်း ဒေသစံတော်ချိန် မနက် ၅ နာရီ ၅၁ မိနစ်မှာ မြေပြိုခဲ့တာဖြစ်ပြီး ဒေသန္တရအစိုးရ အရာရှိတွေက ကပ်ဘေးသက်သာရေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နေတယ်လို့ ပြည်သူ့နေ့စဉ် သတင်းစာမှာ ရေးပါတယ်။
လူအယောက် ၅၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားရပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနန်ပြည်နယ်ဟာ လတ်တလောမှာ ရေခဲမှတ်အောက် ရောက်တဲ့အထိ အပူချိန်ကျဆင်းတဲ့ အအေးလှိုင်းဒဏ်ကို ခံနေရတဲ့ တရုတ်တောင်ပိုင်းဒေသက ပြည်နယ်အတော်များများထဲက တခုဖြစ်တယ်လို့ အမျိုးသား မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters