ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၇ ရပ်ကွက်၊ သမိန်ဗရမ်းလမ်းမပေါ်မှာရှိတဲ့ ပင်စည်ဈေးကို ဇန်နဝါရီ ၂၁ ရက်ကစပြီး ဖျက်သိမ်းရမယ်လို့ ပဲခူးစည်ပင်ကနေ ဈေးသည်တွေကို လာပြောကြောင်း ပင်စည်ဈေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်ဆီကနေ သိရပါတယ်။
ပင်စည်ဈေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်တည်းက သမိန်ဗရမ်းလမ်းမပေါ်မှာ ရှိနေတာဖြစ်ပြီး အခု ပဲခူး-သနပ်ပင် ၆ လမ်းသွား ပြုလုပ်မှာဖြစ်လို့ ဈေးကိုဖျက်သိမ်းတာ ဖြစ်ပါတယ်။
ပင်စည်ဈေးမှာ ဈေးရောင်းသူတဦးက “အစ်မတို့ သတင်းစကြားတာ မနက် ၉ ခွဲလောက်။ ပထမ ဆိုင်အမိုးကို တဝက်ပဲ ဖျက်ပြရတယ်။ ညနေ ၂ နာရီကျ အကုန်ဖျက်ရမှာတဲ့ဆိုလို့ မလွတ်တဲ့နေရာ ထပ်ဖျက်ရပြန်ရော။ ပင်စည်စျေးထိပ်က ကြက်စာဆိုင်ဆို ဆန်းရှိတ်က လမ်းပေါ်ထိရောက်လို့ ဘတ်ဖိုးနဲ့ဖြုတ်ချသွားတယ်။ တောင်းပန်ရင်တော့ နာရီပိုင်းလောက် စောင့်ပေးပါတယ်။ အမ အမေနဲ့ ခဲအိုရဲ့ဆိုင်တွေဆို ခြံနဲ့အတိဆောက်ထားတာတောင် ဘယ်လိုတိုင်းလိုက်လည်းမသိဘူး၊ တပေခွဲ ထပ်ဖျက်ပေးလိုက်ရတယ်” လို့ ပြောပါတယ်။
ဈေးဖျက်သိမ်းတဲ့နေရာမှာ ပဲခူးတိုင်းစည်ပင်ဝန်ကြီး အပါအဝင် စစ်သား၊ ရဲ ပါဝင်ပြီး လမ်းနဲ့မလွတ်တဲ့ ပစ္စည်းတွေကို ကား ၃ စီးနဲ့တင်ပြီး သိမ်းဆည်းသွားတဲ့အပြင် လမ်းကြားတွေနဲ့ မလွတ်တဲ့သစ်ပင်တွေပါ ခုတ်လှဲဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဈေးအနီးနေထိုင်တဲ့ ဒေသခံတဦးက “ဒီနေ့ ဈေးသည်တွေလည်း မရောင်းရဲဘူး။ ကားပေါ် အကုန်တင်ဖမ်းမယ့်သဘောရှိတယ်။ လူကြီးတွေကိုယ်တိုင် ဆင်းကြည့်တာလေ။ လုံခြုံရေး ရဲတွေပါ ပါတယ်။ ဈေးသည်တွေလည်း ပြန်လာမရောင်းရဲလောက်တော့ဘူး ထင်တယ်။ ကားပေါ်အကုန်တင်ဖမ်းတော့လေ” လို့ ပြောပါတယ်။
ပင်စည်ဈေးကို လွန်ခဲ့တဲ့ လေးငါးနှစ်ခန့်တည်းက ပြောင်းရွှေ့ခိုင်းထားပြီး အဝေးပြေးဟောင်းဘက်မှာ ဈေးအသစ်ဆောက်ပေးထားကာ ဈေးရောင်းခိုင်းပေမဲ့လည်း ဈေးသည်တွေက ဈေးအသစ် ဈေးအဟောင်းပုံစံနဲ့ နှစ်ခုခွဲရောင်းနေကြတာ ဖြစ်ပါတယ်။
နောက်ထပ် ဈေးအတွင်းနေထိုင်သူတဦးက “ဈေးသစ်နေရာမှာကျတော့ ချောင်ကျတော့ ဈေးရောင်းမကောင်းလို့ ကျမအမေတောင် အခု ဈေးသွားမရောင်းတော့ဘူး” လို့ ပြောပါတယ်။
အဲဒီဈေးက လွန်ခဲ့တဲ့ ၇ နှစ်ခန့်ကလည်း အထက ခွဲ-၈ ကျောင်းဘေး ရှုခင်းသာလမ်းကနေ ဗိုလ်လရောင်လမ်းမှာ ပြောင်းရွှေ့ရောင်းချခဲ့တာဖြစ်ပြီး အခု အပြီးမပြောင်းရွှေ့ရခင် အချိန်ထိလည်း နှစ်ကြိမ်ထက်မနည်း စည်ပင်က လာရောက် ဖျက်သိမ်းဖူးတယ်လို့ သိရပါတယ်။