တင်မိုး အလွန်
တဆယ့်ခွန် တွင်
အကျွန် လွမ်းဆဲဖြစ်ပါသည်။ ။
တင်မိုးအလွန် ၁၇ နှစ်မြောက်
၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ကဗျာဆရာကြီး တင်မိုး ကွယ်လွန်သွားခဲ့တာဆိုရင် ၁၇ နစ်မြောက်ရှိပါပြီ။ "ပျောက်သောသူ ရှာရင်တွေ့ ၊ သေသောသူ ကြာရင်မေ့" သတဲ့။ သာမန်လူဆိုရင်တော့ လွယ်လွယ် မေ့ပျောက်နိုင်ကြတာပေါ့။ ဆရာတင်မိုးကတော့ မမေ့နိုင်စရာတွေမှ တောင်ပုံရာပုံလေ။ ဘယ်လို့မှ မမေ့နိုင်တာတွေက သူ့ရဲ့ ကဗျာတွေပါ။ သူ့ကဗျာတွေက သာမန်ကဗျာတွေ မဟုတ်တော့ပါဘူး။ တော်လှန်ကဗျာတွေလည်း ဖြစ်ခဲ့ပေါ့။ နောက်ဆုံး သူကဗျာတွေကနေ ကဗျာတွေ မဟုတ်တော့ပဲ လက်နက်တွေ ဖြစ်နေပြီ။ လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း သူ့ကဗျာ လက်နက်တွေကိုပဲ ကိုင်စွဲကြပြီ။ စစ်လက်နက်တော့မဟုတ်ပါ။ ဒါပေမဲ့ တော်လှန်တဲ့လက်နက်။ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲဝင်လက်နက်တွေပါ။ တနည်းအားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးလက်နက်၊ စိတ်ဓာတ်လက်နက်၊ တင်မိုးရဲ့ ကဗျာ လက်နက်တွေပါ။ သူကွယ်လွန်ပြီး ၁၇ နှစ်မှာ သူ့ ကဗျာလက်နက်တိုက်ကြီးက သိုလှောင်ထားဆဲ။ နွေဦး ပြည်သူ ကျောင်းသားတွေက စွဲကိုင်ဆဲပေါ့။
ကိုယ့်ကိုယ်ကိုသာအားကိုးပါ တင်မိုးကဗျာ
ကျနော်က ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့တဲ့ ကဗျာလေးတွေကို စု စု ထားတတ်တယ်။ ဒီနေ့ ဆရာ့ရဲ့ ၁၇ နှစ်ပြည့် အမှတ်တရ ရေးဖို့ ရှာတော့ "ဆေး" ခေါင်းစဉ်နဲ့ ကဗျာကလေးကိုတွေ့ပါတယ်။
"ဆေး"
မသိနာကို၊ ကုစားလို၍
ဆေးချိုပေးပါ့ အိုဗုဒ္ဓ .... ။
သင်လုလင်သာ၊ ဆေးဆရာတည့်
သင့်အနာကို၊ ကုစားလိုက
ကိုယ့်ကိုယ်ကိုမှ အားကိုးပါ့ .... ။
မသိအနာ၊ စွဲကပ်လာဟု
သိခါခဏ ပျောက်မည်ပါ့ .... ။ ။
(တင်မိုး)
"ငါတို့အတွက် ငါတို့ရှိတယ်။ " ပြည်သူ့အတွက် ပြည်သူရှိတယ်။" ဆိုတဲ့ နွေဦးတော်လှန်ရေးကာလ ဆောင်ပုဒ်တွေဟာ အခု "ဆေး" ကဗျာနဲ့ တသဘောတည်း ဖြစ်နေတာ တွေ့ရပါတယ်။ UN က ဝမ်းနည်း စိုးရိမ် အလွန်အမင်း ဖြစ်နေချိန်။ အာဆီယံကိုလည်း အားကိုးမရချိန်၊ အိမ်နီးချင်းနိုင်ငံတွေကလည်း ထည့်တွက်လို့ မရ ဖြစ်နေချိန်မှာ သူ့ရဲ့ "ဆေး" ကဗျာဟာ မြန်မာပြည်သူတွေ ကိုယ်အားကိုယ်ကိုး ရမယ်ဆိုတာကိုသာ မီးမောင်းထိုးပြနေသလိုပါ့။ တချိန်တည်းမှာ ဆရာဟာ အသက်ရှည်ချင်ပြီး မြန်မာပြည်တော်လှန်ရေးအောင်မြင်ချိန်မှာ အမေရိကားကနေ ပြည်တော်ပြန်ပြီး ကဗျာတွေ ရေးသွားချင်ကြောင်း ပြောခဲ့သူပါ။ ဒါပေမဲ့သူဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင် ဆုံးခဲ့ပါတယ်။ သူ သက်ရှိထင်ရှားရှိနေ သေးရင် ရွှေဝါရောင် တော်လှန်ရေးကဗျာတွေများ ရေးလိုက်မယ့်ဖြစ်ခြင်း။ အခုအထိများ ရှိသေးရင် နွေဦးတော်လှန်ကဗျာတွေ ရေးနေဦးမှာပါ။
ဆန်ဖရန်စစ္စကို စာပေဟောပြောပွဲ ၂၀၀၀ ပြည့်နှစ် ပြောကြားချက်
ဆရာတင်မိုးဟာ ကဗျာတွေ ရေးသားမှုနဲ့ ၁၉၉၁ ခုနှစ်မှာ ထောင် ၄ နှစ်ကျတယ်။ ထောင်ကနေ နှစ်စေ့လို့ လွတ်ပြီးတဲ့နောက် ၁၉၉၉ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှာ ပြည်ပထွက်လာတယ်။ အဲ့သည်တုန်းကလည်း သူ့ကို ထောက်လှမ်းရေးက စောင့်ကြည့်နေတဲ့ကြားက ပြည်ပကို အလစ်အငိုက် ထွက်လာနိုင်ခဲ့တယ်။ သူ့အပြောအရ သူ့ကို တင်မိုးနာမည်နဲ့သာ တွဲလျှက် အသိများကြပြီး အမည်ရင်း ဦးဘဂျမ်းကို မသိတာကြောင့် သူလွတ်မြောက်လာခဲ့တာတဲ့။ မင်္ဂလာဒုံလေဆိပ်မှာ ပုကွကွ "ဦးဘဂျမ်း" ဆိုတဲ့ လူကြီးတယောက်ကို "ကဗျာဆရာတင်မိုး" လို့ ထောက်လှမ်းရေးက မထင်မှတ်တာကြောင့် သူ လေယာဉ်ပေါ်တက် ထွက်လာနိုင်တာပေါ့။ ၂၀၀၀ ပြည့်နှစ်က အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုမြို့မှာ စာပေဟောပြောတယ်။ ဟောပြောပွဲအဆုံးမှာ အခုလို ဆရာက ပြောခဲ့ပါတယ်။ စာပေဟောပြောပွဲ ဗွီဒီယိုကို "သန်းထွန်းလေးအင်းတဲရွာ" Youtube မှာတင်ထားပါတယ်။
ပြည်တော်ဝင်ကဗျာစပ်ချင်သေးသူ
“နိုင်ငံတကာရောက် မြန်မာတွေကတော့ အာမခံချက် အပြည့်ရှိသပေါ့။ ကျနော်တို့ မြန်မာပြည်မှာ ပြဿနာက အာမခံချက် မရှိတာဗျ။ ဘာမှ မရေရာဘူး။ အခု ပြည်ပရောက်တွေ အေးအေးဆေးဆေးနဲ့ နေထိုင်နေကြရပြီ ဖြစ်တာတောင်မှ ကိုယ့်တိုင်းပြည် လွတ်မြောက်အောင် ကြိုးစားပေးနေကြတာကို ကျနော် ကျေးဇူးတင်တယ်။ ဂုဏ်လည်းယူတယ်။ ကျနော်တို့လည်း တတ်နိုင်သမျှတော့ တနိုင်တပိုင် လုပ်ရတော့ မှာပေါ့ဗျာ။ ကိုယ်ကိုယ်တိုင်ကတော့ သူတို့ရဲ့ တုတ်ချက် ဓားချက်ကတော့ ဝေးသွားပါပြီ။ သို့သော်လည်း လေသေနတ်တော့ ရှိသေးတယ်။ ဟဲဟဲ။ (ဟောပြောပွဲ လာသူများ ဝိုင်းရယ်ကြသည်။) ကျနော်တို့ တတ်နိုင်သမျှ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိရေး လုပ်ကြရမယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရကို ရရမယ်။ ဒီစစ်တပ်က ဘာသားနဲ့ ထုထားလို့ တောင့်ခံနိုင်ရမှာလဲ။ စစ်အာဏာလည်း အနိစ္စသဘောနဲ့ တနေ့ ကိစ္စချောရမှာပဲ။ ကြာကြာမခံဘူးလို့ တွက်တယ်။ မမှန်တဲ့ ဟာက ကြာရှည် မခံပါဘူး။ အဲ့သည် အခါကျရင် ကျနော်တို့တတွေ အကုန်လုံး နိုင်ငံတကာက ပြန်တဲ့သူတွေ အကုန်လုံး မင်္ဂလာဒုံ လေဆိပ်ရောက်လာပြီး ကျနော်တို့ ဒီမိုကရေစီရတဲ့သူတွေ ခွပ်ဒေါင်းအလံတွေ တလူလူလွှင့်ပြီးတော့ "အခါတော်ရောက်ချိန် နီးလို့လာပြီ" ဆိုပြီး ပြည်တော်ဝင် သီချင်းနဲ့ပေါ့ဗျာ ကြွေးကြော်ပြီး ကိုယ့်နိုင်ငံကို ပြန်လည် ချီတက်ကြမယ်။ အဲ့ဒီကျရင် ပိုပြီးတော့ လွတ်လပ်ပြီး သည့်ထက် ကောင်းမွန်တဲ့ ကဗျာတွေလည်း စပ်ဦးမယ်ဗျ။
တိုက်ပွဲခေါ် တော်လှန်ကဗျာများရေးခဲ့သူ
ဆရာကြီးဟာ ပြည်တော်ဝင်ကဗျာတွေကိုတော့ မရေးနိုင်တော့ပါဘူး။ ဒါပေမဲ့ သူ ပြည်ပကို ဥရောပကို အမေရိကန်ကိုရောက်သွားတာကြောင့်ပဲ နောက်ထပ် ကဗျာတွေ တပုဒ်ပြီးတပုဒ် တအုပ်ပြီးတအုပ် ရေးနိုင်ခဲ့တာပါ။ ပြည်ပမြန်မာအသံ ရေဒီယိုတွေမှာ ဆောင်းပါးတွေ ကဗျာအစီအစဉ်တွေလည်း ထုတ်လွှင်နိုင်ခဲ့ပါတယ်။ ကျနော်တို့ DVB နော်ဝေးမှာလည်း လာရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ "နှင်းတောင်ပေါ်ကအသံ" ခေါင်းစဉ်နဲ့
စကင်ဒီနေးဗီယန်
နှင်းတောင်ယံမှ
အသံလွှင့်လှိုင်း
ငါတို့တိုင်းသို့
မဆိုင်းမတွ . . . စတဲ့ စာသားတွေနဲ့ DVB အသံလွှင့်ဌာနကို ဂုဏ်ပြုကဗျာတွေလည်း စပ်ဆိုထားခဲ့ပါတယ်။
စစ်အာဏာရှင်ကိုပလ္လင်ပေါ်က ဆင်းခိုင်းတဲ့ကဗျာ
“ပလ္လင်ပေါ်ကဆင်း”
ဟိတ် ခေတ်သူခိုးဒမြဆိုတဲ့
စစ်အစိုးရ
လက်နက်ချဟေ့ မင်းလက်နက်ချ။
တို့မှာက ချစရာလက်နက်ဆိုလို့
အပ်တိုတချောင်းမှမရှိ
နေသိလသိ ကမ္ဘာသိ။
မင်းက လက်နက်ခဲယမ်းတွေနဲ့
အမြဲတမ်း ပွဲကြမ်းနေတဲ့ကောင်။
မင်းယုံစားတဲ့ အင်အားက
လှံဓား လက်နက်
ရက်စက်မှုအပေါင်း သရဖူဆောင်းနေတဲ့
အင်အား။
တို့လက်နက်က အမှန်တရား
လူထုရဲ့ခွန်အား
တို့ယုံစားတာ မေတ္တာအထုနဲ့
လွတ်လပ်မှု။
ကမ္ဘာ့တရားခွင်မှာ မင်းနဲ့ပြိုင်ပြီးတင်ရဲတယ်
ပလ္လင်ပေါ်က ဆင်းစမ်းဟေ့။
တင်မိုး (တင်မိုး ၈၀ ကဗျာစာအုပ် စာ ၃၁-၃၂ မှ)
တင်မိုးတော်လှန်ကဗျာတွေပြတဲ့ နွေဦးလမ်းကိုလျှောက်
တင်မိုးဆိုတာ၊ ပြည်မြန်မာတွင်
ကဗျာရေးမှု၊ အကြောင်းပြု၍
ထောင်ဆု လေးနှစ် ရခဲ့သူ။
ရှစ်လေးလုံးမှ၊ နဝတအုပ်ချုပ်
ခြံထုံးသုတ်တုန်း . . .
" နှလုံးပုပ်တဲ့သူကို
ထုံးသုတ်လို့ ဖြူနိုင်ပါ့မလား "
စပ်ဆိုရေးသားခဲ့သူ။
ကျောင်းသားဆန္ဒ၊ ပြသကြမှု
ဗကပ ဟု၊ ယိုးပြု စွပ်စွဲသောအခါ။
တခါလာဗကပ၊
တခါလာဗကပ
ဟာသ ရသတော့မြောက်နေပြီ။
ဗကပကို လက်ညှိုးထိုး
ကိုယ်ကြိုးကို အရနှိုက်
ဓားပြတိုက်နေတာခင်ဗျားတို့ပါလား
ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ
စပ်ဆို ရေးသားခဲ့သူ။
ခွပ်ဒေါင်းသို့ပန်ကြားချက်
စု အတွက်ကဗျာများ
ဒီတခါ ပြေးရမှာ မင်းတို့အလှည့်
ငြင်းဖို့ ကွယ်ဖို့တော့ မကြံလေနဲ့
တော်လှန်ဘွဲ့ကဗျာများ
ရေးခဲ့ သူပါတကား ။ ။
ကဗျာတွေ အများကြီးရေးခဲ့တဲ့ မြန်မာပြည်စာပေလောကမှာ ထင်ရှားတဲ့ ဆရာကြီး တင်မိုးဟာ အသက် ၆၅ နှစ်မှာ ပြည်ပထွက်ပြီး အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ ကဗျာတွေ အများကြီး ရေးသွားခဲ့သူပါ။ စာတွေ ကဗျာတွေ အဆက်မပြတ် ရေးနေရင်းက မြန်မာလူထုတွေကို ဒီမိုကရေစီရေး တိုက်ပွဲဝင်ဖို့ အမြဲတပ်လှန့် နှိုးဆော်ခဲ့တဲ့ ဆရာတင်မိုးပါ။ သူဟာ ပြည်ပဝေးရပ်မြေမှာ တနေ့ တရက်မှ မနေလိုသူပါ။
မြန်မာပြည်၊ ဌာနီသို့တမ်း
အမြဲလွမ်းကာ၊ အညာရပ်ကျေး
ပြန်ချင်သေးရဲ့ ၊ လွမ်းခဲ့ခါခါ
အောက်မေ့ပါရ၊ တသသဟု
ခဏခဏ . . .ပြောနေခဲ့ဟန် ပြန်မြင်ယောင်မိ နေပါသေးတယ်။ ဒါပေမဲ့ သူ့ဆန္ဒ မပြည့်ခဲ့ပါ။ အမေရိကန်ပြည်မှာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ကွယ်လွန်ခဲ့ပြီ။ ဒီနေဆို ၁၇ နှစ်တောင်ကြာခဲ့ပြီ။ သူကွယ်လွန်တဲ့ ဒီနေ့ရက်မှာ သူမျှော်လင့် တောင့်တခဲ့ကြသလို စစ်အာဏာရှင်ကို အမြစ်ဖြတ်ပြီး နွေဦးတော်လှန်ရေး အောင်ပွဲရဖို့ အားလုံးက စုပေါင်း ဝိုင်းဝန်း ကြိုးစား တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။