တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားရာကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ယောက်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မယ်လို့ အိန္ဒိယစစ်တပ်အရာရှိက ဇန်နဝါရီ ၂၁ ရက်က ပြောပါတယ်။
မြန်မာစစ်သား ၂၇၆ ယောက်ကို တနင်္လာနေ့နဲ့ အင်္ဂါနေ့ နှစ်ရက်မှာ အိုက်ဇောမြို့အနီး လန်းပွေလေဆိပ်ကနေ ရခိုင်ပြည်နယ်ထဲက စစ်တွေမြို့ကို လေယာဉ်နဲ့လာခေါ်မှာဖြစ်တယ်လို့ အာသံရိုင်ဖယ်အဖွဲ့က အိန္ဒိယ PTI သတင်းဌာနကို ပြောပါတယ်။
အဲဒီစစ်သား ၂၇၆ ယောက်ဟာ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ်မှာရှိတဲ့ ဘန်ဒွတ်ဘန်ဂါရွာကနေ မီဇိုရမ်ပြည်နယ် လုန်းလိုင်နယ်မြေထဲကို လက်နက်တွေနဲ့အတူ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထွက်ပြေး ဝင်ရောက်ခိုလှုံလာခဲ့ကြပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ကို ဆက်သွယ်ခဲ့တာလို့ ပါတယ်။
သူတို့ကို အနီးအနားက ပါဗာ အာသံရိုင်ဖယ် စခန်းကိုခေါ်ဆောင်သွားခဲ့ပြီးနောက် အများစုကို လွန်းလေစခန်းကို ပို့ဆောင်ခဲ့ကြောင်းနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က သူတို့ကို စောင့်ကြည့်ထိန်းသိမ်းထားခဲ့ကြောင်း သိရပါတယ်။
အဲဒီ စစ်သား ၂၇၆ ယောက်ကို လန်းပွေလေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ရေးအတွက် ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တို့မှာ အိုက်ဇောကို ခေါ်ဆောင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ကို ဗိုလ်မှူးတယောက်က ဦးဆောင်ပြီး အရာရှိ ၃၆ ယောက်နဲ့ အခြားအဆင့် ၂၄၀ ပါဝင်ကြောင်းသိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေက စစ်စခန်းတွေကို တိုက်ခိုက်သိမ်းယူမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေစပြီး မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာစစ်သား စုစုပေါင်း ၆၃၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီထဲက ၃၅၉ ယောက်ကိုတော့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ၃၅၉ ယောက်ထဲမှာ မီဇိုရမ်ပြည်နယ်နေရာအနှံ့က ၁၀၄ ယောက်ကို မဏိပူရပြည်နယ်ထဲက နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို အိန္ဒိယလေတပ်က ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး ကျန် ၂၅၅ ယောက်ကိုတော့ ဇန်နဝါရီလ ၂ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ လန်းပွေ လေဆိပ်ကနေ မြန်မာလေတပ်ပိုင် လေယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ ကီလိုမီတာ ၅၁၀ အရှည်ရှိတဲ့ နယ်စပ်မျဉ်းကို မြန်မာနိုင်ငံနဲ့ မျှဝေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
Source: Telegraph India