ပဲခူးတိုင်းအနောက်ပိုင်း၊ မင်းလှမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီခွဲက ပြည်သူ့စစ်သင်တန်းအတွက် လူစုပေးနေတဲ့ ထန်းပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ပစ်ခတ်ခံပြီး တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထန်းပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနဲ့ ရာအိမ်မှူး ဦးမောင်နိုင် တို့နှစ်ယောက်ဟာ ပြည်သူ့စစ်အတွက် လူစုပြီးပြန်လာစဥ် အင်းဘုတ်ကုန်းကျေးရွာနဲ့ သဲကောကျေးရွာကြားရှိ တံတားပေါ်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သဲကောတံတားမှာ ပစ်ခံရတာ၊ ဦးသန်းထွန်းက ပွဲချင်းပြီးသေတယ်၊ ရာအိမ်မှူးက မျက်နှာကိုထိတယ်၊ ရဲတွေက အုပ်ချုပ်ရေးမှူးအလောင်းကို စစ်ဆေးပြီး ဒဏ်ရာရတဲ့ ရာအိမ်မှူးကို ဆေးရုံခေါ်သွားတယ်။”
မင်းလှမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့စစ်သင်တန်းအတွက် လူစုဆောင်းပေးတာတွေ မလုပ်ဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားတယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။
“မင်းလှမှာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့စစ်အတွက် လူထုကို မစည်းရုံးဖို့၊ ဖိအားမပေးဖို့ PDF တွေက သတိပေးထားတယ်။ အရမ်းလွန်လာလို့ ပစ်တာဖြစ်မယ်။”
လတ်တလောမှာ ဒဏ်ရာရရှိသူ ရာအိမ်မှူး တက်ရောက်ကုသနေတဲ့ မင်းလှမြို့နယ် ဆေးရုံအနီးမှာ စစ်ကောင်စီက လုံခြုံရေးချထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မင်းလှမြို့နယ် စမ်းဘုတ်ကျေးရွာထိပ် စစ်ဆေးရေးဂိတ် Drope ဗုံးနဲ့ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေလည်း ရှိပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ကလည်း မင်းလှမြို့နယ် စမ်းဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။