ပင်လယ်နီထဲမှာ ရန်လိုနေတဲ့ ဒရုန်းတွေကို ပစ်ချဖို့အတွက် ဗြိတိန် တော်ဝင်ရေတပ်က သုံးနေတဲ့ ဒုံးကျည်စနစ်ကို အဆင့်မြှင့်ဖို့ အမေရိကန်ဒေါ်လာ ၅၁၄ သန်းနဲ့ညီတဲ့ စတာလင်ပေါင် ၄၀၅ သန်းကို သုံးမယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
ပင်လယ်နီထဲမှာ ရန်လုပ်နေတဲ့ ဒရုန်းတွေကို ပစ်ချဖို့ လက်ရှိသုံးနေတဲ့ Sea Viper ဒုံးကျည်တွေနေရာမှာ ဖြည့်ဖို့ တော်ဝင်ရေတပ်ဟာ ‘DragonFire’ လေဆာလက်နက် အသစ်အတွက် ဆောင်ရွက်နေတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့်ထ် ရှပ်စ်က ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်နိုင်တဲ့ ဆော့ဖ်ဝဲလ်တွေနဲ့ ဒုံးကျည်ထိပ်ဖူး အသစ်တွေ အားဖြည့်ထားတဲ့ ဒုံးကျည်တွေနဲ့ Sea Viper လေကြောင်းကာကွယ်ရေးစနစ်ကို အဆင့်မြှင့်မယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပင်လယ်နီထဲက အမေရိကန်နဲ့ ဗြိတိန် ရေတပ်တွေဟာ ယီမင်နိုင်ငံအခြေစိုက် ဟူသီလှုပ်ရှားမှု အဖွဲ့က ပစ်ခတ်နေတဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ဒီလထဲမှာ ကြားဖြတ်ပစ်ချခဲ့တာပါ။
ဒါဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခက နယ်စပ်တွေကို ကျော်လွန်ပြီး ကျယ်ပြန့် ကူးစက်လာနေတဲ့ လက္ခဏာအစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
Source/Photo-Reuters