မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မော်လမြိုင်-ကျိုက္ခမီလမ်းမကြီး ဂွေးကုန်းရပ်မှာ ဇန်နဝါရီ ၂၁ ရက် ညက ပရိုဘောက်က သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တို့ကို ဝင်တိုက်တာကြောင့် သုံးဘီးဆိုင်ကယ်ပေါ်မှ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်-ကျိုက္ခမီလမ်းမကြီးမှာ မုဒုံဘက်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ ပရိုဘောက်တစီးက ဇန်နဝါရီ ၂၁ ရက် ည ၉ နာရီလောက်က အရှိန်မထိန်းနိုင်ဘဲ ရှေ့မှာမောင်းနှင်နေတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တို့ကို ဝင်တိုက်ခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်မှာပါတဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေး ၆ ဦး အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မော်လမြိုင်ဒေသခံတဦးက “ပရိုဘောက်က မုဒုံ ကျောက်တလုံးဘက်ကနေလာတာ၊ ဂွေးကုန်းရပ်ကွက်အကျော်က ခေတ်ဦးရေသန့်စက်ရုံဝင်တဲ့လမ်း အရှေ့မှာ အနောက်ကနေ အရှေ့က သုံးဘီးကို တခြမ်းတိုက်လိုက်တယ်။ ပြီးတော့ ကားက ဆိုင်ကယ် MHA တစီးပါ ထပ်တိုက်ပြီး နံရံတွေ၊ အပင်တွေ ထပ်တိုက်ပြီး ရပ်သွားတာ။ သုံးဘီးဆိုင်ကယ်က ဘုရားပွဲသွားတာပေါ့။ ပထမတော့ ကလေး ၆ ဦး အပါအဝင် ၁၂ ဦးက ဒဏ်ရာပဲရတာ။ ဆေးရုံရောက်မှ အမျိုးသမီး ၁ ဦးက သေတာ” လို့ ပြောပါတယ်။
ယာဉ် ၃ စီးဆင့်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးကို ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအဖွဲ့၊ မုဒုံကန်ကြီးလူငယ်လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ မိုးစေတနာ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမဲ့ အမျိုးသမီး ၁ ဦးကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။
မော်လမြိုင်မြိုင်မြို့မှာ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းကလည်း တောင်ဝိုင်းဓာတ်အားခွဲရုံ TTC ကျောင်းအနီးမှာ ဟိုက်ဂျက်ကားတစီး သစ်ပင်ကို ဝင်တိုက်ခဲ့ပြီး ကားပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။