Home
မြန်မာသတင်း
ဖားကန့် ဗျူဟာကုန်း သိမ်းခံရပြီး လက်နက်ကြီးဖြင့် ပစ်နေ၊ ပုလောတွင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
January 21, 2024
Phar Kant ByuHarKone_21012024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဗျူဟာကုန်းသိမ်းခံလိုက်ရတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီရဲ့ နန်းတောင်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့က ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာက စစ်ကောင်စီ ဗျူဟာကုန်းကို  ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ပြီးနောက်  စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတာကြောင့် မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ဘုရားရှိခိုးကျောင်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဘုရားကျောင်းလည်း ထိခိုက်သလို့ ဒေသခံတယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ 

ဒေသခံတယောက်က “စစ်တပ်နဲ့ KIA နဲ့က တောက်လျှောက်ကို ပစ်နေတာ။ နားလည်း ခဏပဲ။ စစ်တပ်ကလည်း ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ ညနေပိုင်းလောက် မှော်ဝမ်း ခရစ်ယာန်ဘုရားကျောင်းနား လက်နက်ကြီးကျတယ်။ ဘုရားကျောင်းလည်း ထိခိုက်ပျက်စီးတာ အနည်းငယ်ရှိသလို အမျိုးသားတဦးလည်း လက်နက်ကြီးကျည် ထိမှန်ထားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကစလို့ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဝှေခါကျေးရွာ၊ နန့်တိန်းကျေးရွာ၊ ကပ်မှော်ကျေးရွာနဲ့ ဆိုင်ဖရာကျေးရွာက ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီရဲ့ နန်းတောင်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ဘက်က ၆၀ မမက ၅ လုံး၊ ဒရုန်းဗုံးသီးက ၄ လုံးနဲ့ ချတာပါ။ ၆၀ မမနဲ့ပစ်တာက ၄ လုံးကွဲတယ်။ ဒရုန်းဗုံးသီးမှာကတော့ ၃ လုံးကွဲတယ်။ သူတို့(စစ်တပ်)ဘက်က ဒီနေ့ ဆက်သွယ်ရေးမြောင်း လာတူးနေတာရှိတယ်။ ခြောက်လှန့်တဲ့ သဘောအနေနဲ့ လုပ်တာပါ” လို့ ပြောပါတယ်။

နန်းတောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ သိရပါတယ်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ပစ်တဲ့ လက်နက်ကြီးက သူတို့ပိုင်နက်ထဲပဲ ပြန်ကျတယ်။ လက်နက်ကြီးက ခန့်မှန်းခြေ အနည်းဆုံး ၁၀ ချက်လောက် ရှိတယ်။ လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်ခတ်တာတွေရှိတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF)၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) နဲ့ ပုလောစစ်ကြောင်း ၁ တို့ ပူးပေါင်းလုပ်ဆောင်တယ်လို့ သိရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးတာ မရှိပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ ရှိ၊ မရှိကိုတော့ ဒီဗွီဘီအနေနဲ့ အတည်ပြုလို့မရသေးပါဘူး။

ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024