ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီ ၁၉ ရက်ကစပြီး မြို့နယ်အတွင်း ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်၊ မီနီအိုးဝေနဲ့ ထော်လာဂျီတွေကို မောင်းနှင်ခွင့်မရှိကြောင်းနဲ့ တွေ့ရင် ဖမ်းဆီး အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ကြော်ငြာဆိုင်းဘုတ်တွေ လိုက်ကပ်ပြီး သတိပေးထားတယ်လို့ ရွှေပြည်သာမြို့ခံတွေက ပြောပါတယ်။
အခု ဖမ်းဆီးမှာက အရင်ကလို လိုင်စင်မဲ့ဆိုင်ကယ်တွေကို သီးသန့်ဖမ်းဆီးတာမျိုး မဟုတ်ဘဲ ဆိုင်ကယ်စီးတာနဲ့ ဖမ်းတာဖြစ်တယ်လို့ ရွှေပြည်သာမြို့ခံတယောက်က ပြောပါတယ်။
“၁၉ ရက် နေ့လယ်လောက်က လှော်ကားအောက်ဂိတ်နဲ့ ၃ ထိပ်မှာ ဆိုင်းဘုတ်တွေ လာကပ်သွားကြတာ။ ဆိုင်ကယ်လိုင်စင် ရှိရှိ၊ မရှိရှိ စီးတာနဲ့ ဖမ်းမယ်ပြောတယ်။ ဒီရက်ပိုင်း ဘယ်သူမှလည်း အပြင်မထွက်ရဲကြဘူး”
ရွှေပြည်သာမြို့နယ်အတွင်းက ရပ်ကွက်တချို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ လောက်ကစပြီး ဘေးတွဲဆိုင်ကယ်နဲ့ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတွေကို ပြည်သူ့စစ်အဖွဲ့မှာ ပါဝင်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စည်းရုံး သိမ်းသွင်းတာမျိုး ရှိတယ်လို့ ဘေးတွဲ မောင်းနှင်သူတယောက်က ပြောပါတယ်။
“လုံခြုံရေးအဖွဲ့ထဲပါရင် ကယ်ရီမောင်းခွင့်ပေးမယ်၊ လစဉ်ထောက်ပံ့ကြေးလည်း ပေးမယ်ဆိုပြီး စည်းရုံးတာပါ။ လက်မှတ်ထိုးပြီး ဝင်တဲ့သူတွေလည်း ရှိတယ်။ သူတို့ကတော့ မောင်းခွင့်ရှိမှာပါ” လို့ ပြောပါတယ်။
အခုလို စည်းကမ်းချက်ထုတ်တဲ့အထဲမှာ ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်တွေအပြင် သုံးဘီးဆိုင်ကယ်နဲ့ မီနီအိုးဝေတွေလည်း ပါဝင်နေတာကြောင့် ရွှေပြည်သာ မြို့နယ်အတွင်းက သုံးဘီးဆိုင်ကယ်နဲ့ မီနီအိုးဝေ မောင်းနှင်သူတွေလည်း အခက်တွေ့နေကြပါတယ်။
ရွှေပြည်သာမြို့နယ်က မီနီအိုးဝေ မောင်းနှင်သူတယောက်က “လိုင်စင်တွေ ဖမ်းတယ်ဆိုလို့ လိုင်စင်ဝင်လိုက်တာ ၃ လလောက်ပဲ ရှိသေးတယ်။ သိန်း ၂၀ လောက် ကုန်တယ်။ အခုကျ လိုင်စင်ရှိလည်း စီမံချက်အရ ဖမ်းတယ်ဆိုတော့ အိမ်ထဲနေမှပဲ ရတော့မယ်။ ဘာအလုပ်မှ လုပ်မရတော့ဘူးလို့” ပြောပါတယ်။
ဆိုင်ကယ်နဲ့ ဘေးတွဲတွေ မောင်းနှင်ခွင့်ပိတ်ထားတာကြောင့် ရွှေပြည်သာမြို့နယ်ထဲက စျေးရောင်းချသူတွေနဲ့ မြို့ခံတွေလည်း သွားလာရေးအခက်အခဲကြုံနေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ကယ်ရီသမားတွေက ဆိုင်ကယ် အသိမ်းခံရမှာစိုးပြီး မထွက်ရဲဘူး။ စျေးသည်တွေလည်း ပစ္စည်းတင်ချင်ရင် ဆိုက်ကားနဲ့ပဲ သယ်နေရတယ်။ ကျနော်တို့လည်း တနေရာသွားချင်ရင် ရိုးရိုးစက်ဘီးနဲ့ပဲ သွားမှရတယ်။ ဘက်ထရီစက်ဘီးဆိုလည်း ဖမ်းသေးတာ” လို့ ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတည်းက ရွှေပြည်သာမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်နဲ့ ဘေးတွဲ တွေကို စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ယာဉ်ထိန်းရဲတွေက ရှောင်တခင် ဖမ်းဆီးစစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ နေ့စဉ်နီးပါး ပြုလုပ်နေပါတယ်။