Home
မြန်မာသတင်း
ရေး ကြိုးတံတားဂိတ်စခန်း တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
DVB
·
January 21, 2024
Yay SAC Gate keep by PDF_21012024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနားက စစ်ကောင်စီ ကြိုးတံတား ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF)၊ ABSDF တပ်ရင်း ၁၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO)၊ Ye Defence Force (YDF) နဲ့ ရေးသိမ်းငှက် ပူးပေါင်းတပ်ဖွဲ့တို့က မနေ့က မနက် ၈ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁ နာရီခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)တာဝန်ရှိသူတယောက်က ပြောပါတယ်။

“တိုက်ပွဲက ၁ နာရီလောက်ကြာသွားတယ်။ စစ်ကောင်စီတပ်ဘက်က ၁၀ ဦး လောက်ကျသွားတယ်။ ဒဏ်ရာရပြီး ထွက်ပြေးသွားတဲ့သူတွေလည်း ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ၄ ဦးလောက် ထိသွားတယ်။ စိုးရိမ်စရာတော့မရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီစခန်းကနေ ၆၀ မမ လက်နက်ကြီး စိန်ပြောင်း ၁ လက်၊ MA-1 ၁ လက်၊ M16 A1 ၁ လက်၊ AK47 ၁ လက်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ပေါက်ကြိုး ၉ ခွေ၊ ၅.၅၆ ကျည်ဘောက် ၅ ခု၊ AK ကျည်ဘောက် ၁ ခု၊ MA ကျည်ဘောက် ၆ ခု၊ RPG ဗုံးသီး ၅ လုံး၊ အီနာဂါ ၂ လုံး၊ မီးကျည် ၁ လုံး၊ မိုင်းပစ္စည်းတွေ၊ လက်ပစ်ဗုံး ၁၂ လုံး၊ ၃၈၀ ကျည် ၅ တောင့်၊ မှတ်ပုံတင် ၅ ခု၊ ဖုန်း ၁ လုံး၊ လက်နက်ငယ်ကျည်တွေနဲ့ မော်တော်ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေက ကြိုးတံတားဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက် ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲဖြစ်နေတုန်းမှာ စစ်ကောင်စီ ခမရ ၅၈၈ နဲ့ ခမရ ၃၄၃ တို့က လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၄၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေက ခရီးသွားကားတွေကို တားဆီးပြီး လမ်းမဘေးကို ရှောင်တိမ်းခိုင်းတုန်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရွှေဝယ်သူ၊ ရွှင်လန်းကားတစီး၊ မြင့်မြတ်သူ ကားတစီး ထိခိုက် ပျက်စီးခဲ့ပြီး ပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024