Home
မြန်မာသတင်း
အဖမ်းခံရပြီး ပြန်လွတ်လာသူ သားအဖ၏ ပိုင်ဆိုင်များကို အုပ်ချုပ်ရေးမှူး သိမ်းယူ
DVB
·
January 21, 2024
Kyone Pyaw Police_21012024

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး ပြန်လွှတ်လိုက်တဲ့ သားအဖရဲ့ ပိုင်ဆိုင်မှုတွေကို အုပ်ချုပ်ရေးမှူးက အဓမ္မသိမ်းယူလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငါးကျီးထူကျေးရွာအုပ်စု၊ ဆင်နှစ်ကောင်ရွာက NLD ပါတီထောက်ခံသူ ဦးစိန်သွင်နဲ့ သူ့ရဲ့သမီးတို့ကို PDF ထောက်ပို့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။

ဒေသခံတယောက်က “အဲဒီနေ့မှာပဲ အပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ ဒါပေမဲ့ ကိုစိန်သွင်ရဲ့ ခန္ဓာကိုယ်အနှံ့မှာတော့ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေအများကြီးပဲ” လို့ ပြောပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာ ငါးကျီးထူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှကြိုင်နဲ့ သားဖြစ်သူ ကိုသန့်စင်တို့ ဦးစိန်သွင်ရဲ့နေအိမ်ကိုလာပြီး လယ်ယာတွေ၊ အိမ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို သူတို့သားအဖဆီ လွှဲပေးရမယ်လို့ ပြောဆိုပြီး အဓမ္မ သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

ဆင်နှစ်ကောင်ရွာသားတယောက်က “အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ရဲကို သူပိုက်ဆံပေးလို့ ကိုစိန်သွင်တို့သားအဖ ပြန်လွတ်လာတာဆိုပြီး ပိုင်ဆိုင်မှု အကုန်ပေးရမယ်လို့ တောင်းတာ။ အဲလိုပြောပြီး ရွှေ၊ ငွေ၊ လယ်ယာမြေပုံစံကိုပါ သိမ်းသွားပြီး မွေးထားတဲ့ တိရစ္ဆာန်လေးတွေကိုပါသတ်ပြီး ယူသွားကြတယ်။ NLD ထောက်ခံတာကို မကျေနပ်လို့ တမင်လုပ်တာထင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အုပ်ချုပ်ရေးမှူး ဦးလှကြိုင်နဲ့ သားဖြစ်သူတို့ရဲ့ လုပ်ရပ်တွေကြောင့် ဦးစိန်သွင်တို့သားအဖဟာ နေအိမ်မှာ မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှုးဦးလှကြိုင်ဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဒေသခံပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးတပ် ဝင်ရောက်ဖမ်းဆီးတာတွေနဲ့ ပစ္စည်း သိမ်းယူတာတွေကို မကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024