မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်က ရွှေလွန်းနဒီရွှေဆိုင် ပိုင်ရှင်နေအိမ်ကို ဇန်နဝါရီ ၁၉ ရက် မနေ့ညပိုင်းက ဓားပြဝင်တိုက်ခံရပြီး ရွှေပိဿာချိန် ၂၀ နဲ့ ငွေကျပ်သိန်း ၂၀၀ လောက် ယူဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နွားထိုးကြီးမြို့၊ ထန်းဇင်ရွာ၊ နွားထိုးကြီး-ပြင်စီ လမ်းပေါ်က ရွှေလွန်းနဒီရွှေဆိုင်ပိုင်ရှင် နေထိုင်တဲ့ ငွေဇင်ဦး ဆီစက်ကို မနေ့က ည ၉ နာရီခွဲအချိန်က အမည်မသိလူ ၆ ယောက် ဆိုင်ကယ် ၃ စီးနဲ့ ဝင်ရောက်လာပြီး ဓားပြတိုက် လုယူထွက်ပြေးသွားတယ်လို့ ပြင်စီလမ်းနေသူတယောက်က ပြောပါတယ်။
“မနေ့ညက လူ ၆ ယောက်လောက် သေနတ်တွေ၊ တုတ်တွေ၊ ဓားတွေကိုင်ပြီး ဆိုင်ကယ် ၃ စီးနဲ့ ဝင်သွားတာတွေ့လိုက်တယ်။ ခဏကြာတော့ သူ့သားလေးရဲ့ အော်သံ ကြားလိုက်ရတယ်။ ရိုက်နှက်ထိုးကြိတ်သွားတယ်လို့တော့ ကြားတယ်။ ရွှေထည်တွေနဲ့ ပိုက်ဆံ သိန်း ၂၀၀ လောက်ပါသွားတယ်လို့သိရတယ်။ အခုလိုအချိန်မျိုးမှာ လုပ်ရဲတာ ဆိုလို့ ပျူစောထီးတွေ လက်ချက်ပဲနေမှာပေါ့" လို့ ပြောပါတယ်။
အဲဒီနေအိမ်ကို ဓားပြဝင်တိုက်ချိန်မှာ နေအိမ်ပိုင်ရှင် ဦးမြင့်ကို၊ ဇနီးဖြစ်သူဒေါ်သင်းနွယ်နဲ့ သမီးငယ်တို့မှာ ထွက်ပြေးလွတ်မြောက်သွားကြကြောင်းနဲ့ အိမ်ထဲကျန်ခဲ့သူ အသက် ၂၅ နှစ် အရွယ် သားဖြစ်သူ ကျော်ထက်ဇော်မှာ ခြေထောက်ဓားလှီးဒဏ်ရာ၊ မျက်နှာ ဖူးရောင် ဒဏ်ရာတွေနဲ့ ဓားထိုးဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မန္တလေးဆေးရုံကြီးကို ပို့ဆောင် ကုသထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ရွှေလွန်းနဒီရွှေဆိုင် ဓားပြတိုက်ခံခဲ့ရကြောင်းနဲ့ အကြမ်းဖက် စစ်အုပ်စုနဲ့ ပျူစောထီးတွေ ပူးပေါင်း ဓားပြတိုက်တာဖြစ်မယ်လို့ ဒေသခံတွေအကြား ပြောဆိုတာတွေလည်း ရှိနေပါတယ်။