စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်ဘူတာရုံနားမှာ ဆိုင်ကယ်စီးလာတဲ့ သားအဖ ၂ ယောက်ကို စစ်ကောင်စီကပစ်ခတ်ခဲ့လို့ အသက် ၇ နှစ်အရွယ် သမီးဖြစ်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီဝန်းကျင်မှာ အဲဒီသားအဖ ၂ ယောက်ဟာ ဘေးတွဲပါတဲ့ ဆိုင်ကယ်နဲ့ သဇင်ရပ်ကွက်ကိုသွားနေတုန်း ထောက်ပို့တပ်အနီး စစ်တပ်ကင်းတဲကနေ လှမ်းပစ်ခတ်ခဲ့တာကြောင့် သမီးဖြစ်သူ မလွန်ရှန်ကျိမ်းကို ထိမှန်ဒဏ်ရာရပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ခံတယောက်က “ထောက်ပို့တပ်အနီး စစ်တပ်ဂိတ်ကနေ လှမ်းပစ်တာ။ အဖေကတော့ ဘာမှမဖြစ်သွားဘူး။ ကလေးကတော့ ရင်ဘတ်ကျည်ဆန်ထိပြီး ဆုံးသွားတာ။ ဖြစ်ဖြစ်ချင်း အဲဒီအနီးက ပုဂ္ဂလိကဆေးရုံကို ပို့ခဲ့တယ်။ ဆေးရုံက လက်မခံလို့ ခုတင် ၁၀၀ စစ်ဆေးရုံကို သွားတာ။ ဆေးရုံအရောက်မှာ ကလေးက ဆုံးသွားတာ” လို့ ပြောပါတယ်။
အဲဒီ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ထားတာမရှိသလို လက်ရှိမှာတော့ စစ်ကောင်စီက ကလေးမြို့တွင်း နေရာအနှံ့အပြားမှာ လုံခြုံရေးရယူပြီး လမ်းသွားလမ်းလာနဲ့ ခရီးသွားတွေကို စစ်ဆေးတင်းကြပ်တာတွေ လုပ်နေပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ကလေးမြို့၊ ဘုရင့်နောင်လမ်းမပေါ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် နှောညောင်ပင်ရွာက ကိုအောင်စိုးသေဆုံးခဲ့ပြီး လမ်းသွားလမ်းလာ အမျိုးသမီးတယောက်လည်း ဝမ်းဗိုက်ထိမှန်ခဲ့သလို အသက် ၆ နှစ်အရွယ် မိန်းကလေး ၁ ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ စစ်ကောင်စီကြောင့် နိုင်ငံတဝန်းကအရပ်သား ၄,၃၉၉ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။