ဘိုလီးဗီးယားနိုင်ငံက ဌာနေတိုင်းရင်းသား ပညာရှင် တဦးဟာ လာပဲ့ဇ်မြို့တော်က စားသောက်ဆိုင် မီးဖိုချောင်က သုံးပြီးသား ဟင်းချက်ဆီတွေကို ဆပ်ပြာဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။
ဆေဗာရီးယား ကျူတီပါ ပယ်ရိုင်ဟာ တက္ကသိုလ်မှာ ဓာတုဗေဒကျောင်းသား တဦးအဖြစ် သူ့ ပရောဂျက်အတွက် ပထမဆုံး အကြံဥာဏ် ရရှိခဲ့ပြီး အလွန်ညစ်ညမ်းတဲ့ စွန့်ပစ်ထားတဲ့ ဟင်းချက်ဆီ တွေကို လေ့လာခဲ့ပါတယ်။
သူဟာ သူ့ကုမ္ပဏီဖြစ်တဲ့ ဆူမာ ခါနာ ဆုပ်ခရိုလာကုမ္ပဏီကို ၂၀၁၄ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ကုမ္ပဏီရဲ့ နာမည်က အိုင်မာရာ တိုင်းရင်းသား ဘာသာစကားအရ ရိုးရှင်းတဲ့ ဆေးဖက်ဝင် အပင်သုံး ဆပ်ပြာလို့ အဓိပ္ပာယ် ရပါတယ်။
ထုတ်ကုန်တွေထဲမှာ အဝတ်လျှော် ဆပ်ပြာမှုန့်ကနေ လက်နဲ့ ကိုယ်တိုက် ဆပ်ပြာ အထိ ပါပါတယ်။
“ကျမတို့ရဲ့ သန့်ရှင်းတဲ့ ထုတ်ကုန်တွေက သဘာဝနဲ့ ဂေဟစနစ်တို့နဲ့ ကိုက်ညီတယ်။ အကြီးစား ကုမ္ပဏီတွေ စက်မှုကုမ္ပဏီတွေက ထုတ်တဲ့ ဓာတုပစ္စည်းတွေနဲ့ ဆိုးဆေးတွေပါဝင်မှု မြင့်တဲ့ ဆပ်ပြာ တွေနဲ့ စာရင် သဘာဝ ပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ကို မထိခိုက်စေဘူး။ ဆပ်ပြာတွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ရှိတာကြောင့် ဂေဟစနစ်နဲ့ ရေအရင်းအမြစ်တွေကို ထိခိုက်စေပါတယ်”လို့ ကျူတီပါ ပယ်ရိုင်က ပြောပါတယ်။
ကျူတီပါ ပယ်ရိုင်ဟာ သူ့ရဲ့ သဘာဝထုတ်ကုန်တွေကနေတဆင့် ဖောက်သည်တွေအတွင်း ပိုမိုကောင်းမွန်တဲ့ ဂေဟစနစ်ဆိုင်ရာ အလေ့အကျင့်တွေကို ဖန်တီးဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး သတိပြုမိစေဖို့ ကူညီချင်နေတယ်လို့ ပြောပါတယ်။
Source/Photo - Reuters