မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တာမြင်လိုကြောင်းနဲ့ မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ပြီး အင်အားကြီးနိုင်ငံတွေ အားပြိုင်တဲ့ ကစားကွင်းဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖန်ပရီဘဟိဒါနုခါရက ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၅ ရက်ကနေ ၁၉ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) မှာ ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ဖန်ပရီဘဟိဒါနုခါရက မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းကဆောင်ရွက်နေတာတွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။
“အခုရက်ပိုင်းတွေမှာ အစ္စရေးနဲ့ ဂါဇာအရေးအပြင် ယူကရိန်းက အဖြစ်အပျက်တွေဟာ နိုင်ငံတကာသတင်းတွေနဲ့ လူအများရဲ့ အာရုံကို ဖမ်းစားထားကြတာ အားလုံး သိထားကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အရှေ့တောင်အာရှဒေသအတွင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွက်၊ အထူးသဖြင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံအတွက် မြန်မာ့အရေးဟာ ကြီးလေးတဲ့ တာဝန် တခုဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ၊ တောင်အာရှတို့နဲ့ သာမက တရုတ်နိုင်ငံနဲ့ပါ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အရေးပါတဲ့ ဗျူဟာမြောက်နေရာမှာ တည်ရှိနေသလို အလွန်ကောင်းမွန်တဲ့ စီးပွားရေး အလားအလာတွေကြောင့် ဒေသတွင်းမှာ အရေးကြီးတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အလွန်ရှုပ်ထွေးပြီး မတူညီတဲ့ ပဋိပက္ခတွေ ဆက်စပ်ပြီး ပေါင်းစုံဖြစ်ပွားနေတာဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီ ဘက်တော်သား အတိုက်အခံတွေကြားက ပဋိပက္ခဟာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာသည်အထိ ဇာတ်ရှိန်မြင့်လာခဲ့ပြီဖြစ်ပါတယ်။”
အဲဒါအပြင် ကာလရှည်ကြာရှိလာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာလည်း ပိုမိုအင်အားကောင်းလာခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တောင်းဆိုမှုဟာ ပိုမို ပြင်းထန်လာခဲ့တယ်၊ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ သုံးနှစ်ခန့်က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပျက်ဆီးဆုံးရှုံးသွားရတဲ့ ဒီမိုကရေစီနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ပြန်မရနိုင်တော့တာပါပဲဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ဒီပဋိပက္ခတွေ အဆုံးသတ်ဖို့ အခုချိန်ထိတော့ မမြင်နိုင်သေးပါဘူး။ မြန်မာနိုင်ငံ အစိတ်စိတ်အမွှာမွှာကွဲထွက်ပြီး အင်အားကြီးနိုင်ငံတွေ အင်အားချင်းပြိုင်တဲ့ ကစားကွင်းဖြစ်လာမှာကို ဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဆယ်စုနှစ်နဲ့ချီပြီး ကြာမယ့် ပြဿနာတွေ ဖြစ်မလာခင် ကျနော်တို့အားလုံး စုပေါင်းပြီး တားဆီးနိုင်ကြဖို့ အရေးကြီးပါတယ်။ အရှည်ကို သေချာ တွက်ဆပြီး မြန်မာ့အရေးမှာ အလွှာအသီးသီး အဆင့်အသီးသီးကနေ ချိတ်ဆက် ဆောင်ရွက်ကြဖို့လိုပါလိမ့်မယ်။”
ပထမဆုံးအချက်အနေနဲ့ မြန်မာ့အရေးမှာ ဒေသတွင်း ဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံကနေ သဘောတူညီချက် ၅ ချက်အတိုင်း ပိုပြီးတော့ တက်တက်ကြွကြွနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်တို့လို အိမ်နီးချင်း နိုင်ငံတွေသာမက ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယားနဲ့ ဩစတြေးလျတို့လို့ ပြင်ပမိတ်ဖက်နိုင်ငံတွေကလည်း ဒေသတွင်းက ကြိုးပမ်းမှုတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ ချိတ်ဆက်ကူညီမှုတွေ ပေးဖို့လိုတယ်လို့ ဆိုပါတယ်။
အရေးအကြီးဆုံးဖြစ်တဲ့ တတိယအချက်ကတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့တွေအားလုံး ပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာအောင် တိုက်တွန်းအားပေးကြဖို့ပဲ ဖြစ်တယ်လို့ မစ္စတာ ဖန်ပရီဘဟိဒါနုခါရက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ကျနော်တို့ အားလုံးဟာ ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ဝိုင်းဝန်းကူညီကြရမှာဖြစ်ပါတယ်။ အဓိကကျတာတစ်ခုကတော့ ဒီလုပ်ငန်းစဉ်တွေ အားလုံးကို မြန်မာနိုင်ငံတွင်းက သက်ဆိုင်ရာအဖွဲ့တွေ ကိုယ်တိုင်က ကြိုးပမ်းဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဦးဆောင်တဲ့ မြန်မာကိုယ်တိုင်ရှာဖွေခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ရပါမယ်။
ကျနော်တို့ရဲ့ ချိတ်ဆက်ကူညီမှုတွေမှာလည်း မြန်မာနိုင်ငံသားတွေလိုလားတဲ့ ဒီမိုကရေစီနဲ့ သာယာ ဝပြောရေးရရှိစေမယ့် တည်ငြိမ်အေးချမ်းပြီးစည်းလုံးတဲ့ မြန်မာနိုင်ငံဖြစ်လာစေရေးကိုသာ ကျနော်တို့က ဦးတည် ရည်ရွယ်တာဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်လာတာကိုလည်း ကျနော်တို့ အမှန်တကယ် ပြန်မြင်ချင်ပါတယ်။ ကျနော်တို့ရဲ့ ကြိုးပမ်းမှုတွေ၊ ရှေ့ဆက်နိုင်မယ့် လက်တွေ့ကျတဲ့နည်းလမ်းရှာဖွေမှုတွေကို နှစ်ဆတိုးပြီး ဆောင်ရွက်ဖို့ လိုပါတယ်။”
မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၄၀၀ အရှည်ရှိတဲ့ နယ်စပ်မျဉ်းကို မျှဝေပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံ အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မြန်မာနိုင်ငံ ရင်ဆိုင်ဖြတ်ကျော်နိုင်ရေးအတွက် ဝိုင်ဝန်းကူညီဖို့ တာဝန်ရှိတယ်လို့ ခံယူထားကြောင်းနဲ့ လက်ရှိ ဦးတည်ချက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကနေတဆင့် မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဘေးဒဏ်တွေကို လျှော့ချပေးနိုင်ဖို့ ဖြစ်ကြောင်း လူမှုဘဝလုံခြုံရေးကို ကျနော်တို့ ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေရဲ့ ထိပ်ဆုံးမှာ ဦးစားပေးထားရှိရမှာဖြစ်ကြောင်းနဲ့ ဒါကြောင့် နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်သွားဖို့ စတင်လုပ်ဆောင်နေကြောင်းလည်း ထိုင်းအစိုးရ တာဝန်ရှိသူက ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကောင်စီခန့် ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်စပ်တလျှောက်နဲ့ ပြည်တွင်းက မြန်မာနိုင်ငံသားတွေရဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက်တွေကို ထောက်ပံ့ကူညီပေးနိုင်မယ့် အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ကူညီထောက်ပံ့ရေးအဖွဲ့ဖွဲ့ဖို့ကိစ္စဟာ နှစ်နိုင်ငံ သဘောတူညီခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကနဦး အဆင့်မှာပဲရှိနေပါသေးကြောင်း ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် နှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေက ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပြီး အခုလနှောင်းပိုင်းမှာ နှစ်နိုင်ငံ ပူးပေါင်းအဖွဲ့ရဲ့ အစည်းအဝေးတစ်ခု လုပ်သွားဖို့ရှိနေကာ လုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
ကူညီထောက်ပံ့မှုတွေ ပေးရာမှာ ထိရောက်မှုရှိဖို့၊ လိုအပ်သူတွေဆီ ရောက်ရှိရေး ယုံကြည်စိတ်ချရဖို့၊ စောင့်ကြည့်လေ့လာအကဲဖြတ်ရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Center)က ပါဝင်ပြီး လူမှုကူညီကယ်ဆယ်ရေး ထောက်ပံ့မှုတွေပေးတာကို စောင့်ကြည့်လေ့လာပေးဖို့ တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ဝန်ကြီး မစ္စတာ ဖန်ပရီဘဟိဒါနုခါရက “ကျနော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကြိုးပမ်းမှုတွေဟာ နိုင်ငံရေးကို လူသားအကျိုးပြုလုပ်ငန်းတွေအတွက် အသုံးချတဲ့ သဘောလည်းဖြစ်ပါတယ်။ ကျနော်တို့ မြင်တွေ့ရတဲ့အတိုင်း လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကြောင့် လူသားချင်းစာနာထောက်ထားပြီး အပစ်ရပ်တာတွေ၊ လူသားချင်းစာနာထောက်ထားပြီး ဆွေးနွေးတာတွေ ဖြစ်လာခဲ့ပါတယ်။ တကယ်လို့ ဒီနည်းလမ်းက ပိုပြီးအောင်မြင်တိုးတက်လာမယ်ဆိုရင် ဒီကနေ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကိုလည်း အကောင်အထည်ဖော်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုကနေတဆင့် အခုချိန်မှာ လာအိုက တာဝန်ယူထားရတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုပြီး ပြည့်စုံစေမှာဖြစ်ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် သံအမတ်ကြီး အာလွန်ကဲအိုနဲ့လည်း ကျနော် တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ထားပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ ဒေသတွင်း ငြိမ်းချမ်းပြီး သာယာဝပြောမှုကို အထောက်အပံ့ဖြစ်စေမယ့် တည်ငြိမ်အေးချမ်းပြီးစည်းလုံးတဲ့ မြန်မာနိုင်ငံ ဖြစ်လာစေရေးပါပဲဆိုတာကို ထပ်ပြီးတော့ အလေးအနက်ပြောလိုပါတယ်။ မြန်မာနိုင်ငံသားတွေ အလိုရှိတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံပြန်ရောက်တာကို ကျနော်တို့ အမှန်တကယ်မြင်လိုပါတယ်။ အခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံသားတွေ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံအတွင်းမှာရော မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကြားမှာပါ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေးအတွက် အထောက်အပံ့ဖြစ်မယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်”လို့ ပြောပါတယ်။
အိမ်နီးချင်းမြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကာလရှည်ကြာ ဆက်လက်ဖြစ်ပွားနေဦးမယ်ဆိုရင် ထိုင်းနိုင်ငံကို သက်ရောက်လာနိုင်တဲ့ ဂယက်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဆေထာထဝီးဆင် နိုင်ငံခြားရေးဝန်ကြီး ဖန်ပရီဘဟိဒါနုခါရနဲ့အတူ ထိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ မကြာသေးခင်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
Photo- ThaiMFA