အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံက နာမည်ကျော် ကေဒရာမာတွေ ခိုးကြည့်လို့ဆိုပြီး မြောက်ကိုရီးယား ဆယ်ကျော်သက်နှစ်ဦးကို လူမြင်ကွင်းမှာ အပြစ်ပေးပြီး ထောင် ၁၂ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း ရုပ်သံဖိုင်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြည်ပမီဒီယာတွေလက်ထဲ ရောက်ရှိလာခဲ့ပါတယ်။
ဒီရုပ်သံဖိုင်ကို ၂၀၂၂ ခုနှစ်ကတည်းက ရိုက်ကူးထားခဲ့တယ်လို့ ယူဆရပြီး မြောက်ကိုရီးယားက ဘက်ပြောင်းထွက်ပြေးလာသူတွေ ထူထောင်ထားတဲ့ Sand လို့ခေါ်တဲ့ အဖွဲ့က ဖြန့်ဖြူးခဲ့တာ ဖြစ်ပါတယ်။
လက်ထိတ်ခတ်ခံထားရတဲ့ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးကို ယူနီဖောင်းဝတ်ထားတဲ့သူတွေက ဆုံးမနေပုံကို အားကစားကွင်းကြီးထဲမှာ ရာနဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေက ထိုင်ကြည့်နေကြပါတယ်။
“ကိုယ့်အမှားကို မဆင်ခြင်ဘူး” လို့ အဲဒီလူတွေက ကျောင်းသားလေးနှစ်ဦးကို ပြစ်တင်နေကြပါတယ်။
တောင်ကိုရီးယားကထုတ်လုပ်တဲ့ ဖျော်ဖြေရေးမှန်သမျှကို မြောက်ကိုရီးယားမှာ ပိတ်ပင်ထားပါတယ်။
ပုံမှန်အားဖြင့် ဒီလိုအပြစ်ပေးမှုကို မှတ်တမ်းရိုက်ကူးလေ့ မရှိပေမဲ့ အခုဟာက နိုင်ငံသားတွေအတွက် ဝါဒရေးရာ ပညာပေးအစီအစဉ်အနေနဲ့ ရိုက်ကူးထားတာလို့ ဆိုပါတယ်။
“ပုပ်သိုးဆွေးမြေ့နေတဲ့ ရုပ်သေးအစိုးရရဲ့ ယဉ်ကျေးမှုဟာ ဆယ်ကျော်သက်တွေအထိတောင် ပျံ့နှံ့နေပြီ၊ သူတို့ဟာ ၁၆ နှစ်ပဲရှိသေးပေမဲ့ ကိုယ့်ယဉ်ကျေးမှုကိုယ် ဖျက်ဆီးနေကြတယ်” လို့ တောင်ကိုရီးယားကို ရည်ညွှန်းပြီး ပြောဆိုနေတဲ့ နောက်ခံအသံလည်း ပါရှိပါတယ်။
ဒီကလေးတွေရဲ့ နာမည်တွေ၊ နေရပ်လိပ်စာတွေကိုပါ အရာရှိဆိုသူတွေက ကြေညာနေပါတယ်။
အရင်က အသက်မပြည့်သေးသူတွေ ပြစ်မှုကျူးလွန်ရင် လူငယ်စခန်းပဲပို့ပြီး ထောင်ချလေ့ မရှိသလို ပြစ်ဒဏ်ကိုလည်း ငါးနှစ်အောက်ပဲ ချလေ့ရှိပါတယ်။
ဒါပေမဲ့ ကိုရီးယားဖျော်ဖြေရေးတွေကို ကြည့်တာ၊ ဖြန့်တာလုပ်ရင် သေဒဏ်အထိ ချမှတ်ဖို့ ဥပဒေတရပ်ကို ၂၀၂၀ မှာ ပြဋ္ဌာန်းပြီးတဲ့နောက် ခုလို ပြင်းပြင်းထန်ထန် အရေးယူလာတာ ဖြစ်ပါတယ်။
Source/Photo-Reuters