ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမမှာ ယာဥ်ထိန်းက ကီလို မြန်နှုန်းတိုင်းစက် ထောင်ပြီး သတ်မှတ် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်တဲ့ ယာဥ်တွေကို ဖမ်းဆီးနေတယ်လို့ ယာဥ်မောင်း တွေထံက သိရပါတယ်။
ဝါယာလတ်နဲ့ ထောက်ကြန့်ကြားမှာ သတ်မှတ်မြန်နှုန်းထက်ကျော်တဲ့ ယာဥ်တွေကို စောင့်ဖမ်း နေတာဖြစ်ပြီး ယာဥ်တော်တော်များများ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက "ကီလို ၇၀ ကျော်လို့ ဆိုပြီး ဖမ်းခံထိတာ။ အဲဒီနေရာက အရှိန် လျှော့မောင်းလို့လည်း မရဘူး။ သတ်မှတ်မိုင်နှုန်းသာ မောင်းရင် နောက်ကားက ဝင်ဆောင့်မှာ။ အမြဲဒီအရှိန်အတိုင်း မောင်းနေကြတော့ မနေ့ကဆို ကားတွေ မနည်းဘူး ဖမ်းခံရတာ" လို့ ပြောပါ တယ်။
ဖမ်းဆီးခံရတဲ့ ကားတွေအနေနဲ့ ချလန်ဖြတ် ဒဏ်ဆောင်မယ်ဆိုရင် ယာဥ်မောင်းလိုင်စင် အသိမ်းခံရပြီး ဒဏ်ကြေး ကျပ် ၁ သိန်းဆောင်ရမှာဖြစ်ကာ ဒဏ်ကြေးဆောင်ပြီးမှ လိုင်စင်ပြန်ရမှာ လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ်မှ ဒဏ်ကြေး ၁ သိန်း မဆောင်လိုသူ ယာဥ်မောင်းတဦးက "ညှိလို့ရလို့ ငါးသောင်းပေးခဲ့ရတယ်။ တခြားသူတွေလည်း ဒီလိုပဲ ညှိပြီး ရှင်းလိုက်ကြတာပဲ။ ဖမ်းတာက သက်သက်မဲ့ ငွေရှာတဲ့ သဘောပဲ" လို့ ထင်မြင်ချက်ပေးပါတယ်။
အဲဒီလိုစောင့်ဆိုင်ဖမ်းဆီးမှုဟာ တခြားလမ်းပိုင်းတွေမှာလည်း ရှိလာနိုင်လို့ သတိထားကြဖို့ကို လည်း ယာဥ်မောင်းတွေက ဆိုပါတယ်။
မြို့အတွင်းနယ်နိမိတ်မှာ မော်တော်ယာဥ်တွေအနေနဲ့ ၁ နာရီ ၄၈ ကီလို (မိုင် ၃၀) ထက် ပို မမောင်း ရဘူးဆိုတဲ့ သတ်မှတ်ချက်ရှိပြီးဖြစ်ပါတယ်။