မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပိန်းပြစ်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၈ ရက်ညမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပိန်းပြစ်ရွာက နေအိမ်ပေါ်ကျပြီး အသက် ၃၀ ကျော် ဖခင်နဲ့ ၇ နှစ်အရွယ် သမီးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ် ၅ မိုင် စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဇလပ်နီစခန်းကနေ ဇန်နဝါရီ ၁၈ ရက် ည ၁၁ နာရီက စတင်ပြီး ည ၁၂ နာရီကျော်အထိ လက်နက်ကြီးအချက်ရေ ၂၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
“ည ၁၁ နာရီလောက်က စပြီးပစ်တာ၊ လက်နက်ကြီးတွေ၊ ၁၂၀ မမတွေ၊ ဟောင်ဝစ်ဇာတွေ လှမ်းပစ်တယ်။ လက်နက်ကြီးတွေ ရမ်းပစ်တာပေါ့။ အိမ်တွေပေါ်ကျပြီး သားအဖနှစ်ယောက် ထိတာ၊ အိပ်နေရင်းနဲ့ ထိသွားတာပါ။ လူတိုင်း အိပ်ချိန်ဆိုတော့ အိပ်ပျော်နေချိန် ပစ်ခံရတာပါ။”
ဒါ့အပြင် လက်နက်ကြီးကြောင့် ကျေးရွာအတွင်းက နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ ဒေသခံတဦးက “ညက အိပ်နေပြီ၊ လက်နက်ကြီးပစ်သံတွေ မြို့ထဲကနေ ဆက်တိုက်ကြားရတာ။ မြို့နဲ့နည်းနည်းဝေးတော့ အသံက အရမ်းအကျယ်ကြီးတော့ မကြားရဘူး။ လန့်တောင်နိုးတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲမှာ ဒေသခံတချို့သာ ကျန်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့၊ ပိန်းပြစ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်ဘက်က ဘာကြောင့်ပစ်ခတ်တယ် ဆိုတာကို မသိရသေးပါဘူး။