ရခိုင်ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ပြည်သူတွေအနေနဲ့ အဆောက်အုံတခုတည်းမှာ လူတွေအစုလိုက်နေထိုင်တာ၊ လူစုလူဝေးတာတွေ မလုပ်ကြဖို့ ရက္ခိုင့်တပ်တော် (အေအေ) က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီရဲ့တပ်တွေဟာ ရခိုင်ပြည်နယ်မှာ အေအေတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စခန်းစွန့်ခွါထွက်ပြေးတာ၊ လက်နက်ချ အညံ့ခံတာတွေအပြင် အရေးပါတဲ့ စစ်ဗျူဟာအခြေချ စခန်းတွေနဲ့ ရှေ့တန်းတပ်မဌာနချုပ်တွေပါ သိမ်းပိုက်ခံရတဲ့အထိ စစ်ရေးအရ ရှုံးနိမ့်နေတာဖြစ်ပါတယ်။
ဒါတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ သမိုင်းဝင်အမွေအနှစ် အဆောက်အုံတွေကို ဖျက်ဆီးတာအပြင် အပြစ်မဲ့ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
စစ်ရေးအပြင် သံသမန်ရေးမှာပါ ရှုံးနိမ့်လာတဲ့စစ်တပ်ဟာ အခုလို စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် ရခိုင်ပြည်သူတွေ အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ရေကြောင်းကနေတဲ့ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် အဆောက်အအုံအတွင်းမှာ အစုလိုက်နေထိုင်တာနဲ့ လူစုလူဝေးလုပ်တာတွေ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ အေအေက ဇန်နဝါရီ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့အချိန်ကစပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ကြည်းရေလေတပ်တွေဟာ အေအေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို မခံနိုင်ဘဲ မြို့ရွာတွေကိုပါ လက်လွှတ်ဆုံးရှုံးနေတယ်လို့ အေအေဘက်က ပြောပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေပြီး စစ်ဆင်ရေးကာလအတွင်း ဖြစ်နေတာကြောင့် တိုက်ပွဲနဲ့ဆိုင်တဲ့ သတင်းအချက် အလက်တွေကို အသေးစိတ်ပြောပြလို့ မရနိုင်သေးဘူးလို့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
အေအေတပ်တွေအနေနဲ့ ရခိုင်ပြည်နယ်ရှိ မြို့တွေကို သိမ်းပိုက်ထားခြင်းမရှိပေမဲ့ စစ်တွေမြို့ပေါ်ကလွဲလို့ ကျန်မြို့တွေမှာ အေအေရဲ့ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေပြီး ကျေးလက်ဒေသ အားလုံးနီးပါးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက လည်ပတ်နိုင်ခြင်း မရှိတော့ဘူးလို့ ရခိုင်ဒေသခံ နိုင်ငံရေးအသိုက်အဝိုင်းက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝဒေသတခုလုံးကိုလည်း အေအေတပ်တွေက သိမ်းပိုက်လိုက်ပြီး အဲဒီဒေသတစ်ခုလုံးမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ကင်းစင်သွားပြီလို့ ဇန်နဝါရီ ၁၄ ရက်မှာ အေအေက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်မှာတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကန်စောက်ရွာအနီး စခန်းချထားတဲ့ စစ်ကောင်စီရဲ့တပ် ခမရ ၅၃၉ က ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၃၀၀ ကျော် လက်နက်ချခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြပေမဲ့ အေအေဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အောင်သူ